CNI International News
ကဘူးလ်၊ဩဂုတ် ၂၇
တာလီဘန်များ ကဘူးလ်မြို့တော်ကိုဝင်ရောက်စီးနင်းပြီးနောက် အာဖဂန်နစ္စတန်တွင် ရက်သတ္တတစ်ပတ်ကျော် ပိတ်ထားသောဘဏ်များ ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။
ဩဂုတ်လ ၁၅ ရက်၊ မွန်းလွဲပိုင်းက ယခင်သမ္မတဟောင်း ဂါနီ ထွက်မပြေးမီနှင့် တာလီဘန်များ မြို့ထဲဝင်လာ နေစဉ် ကဘူးလ်မြို့တော်ရှိ ဘဏ်အပါအဝင် ငွေကြေးအဖွဲ့အစည်း အများအပြား ပိတ်ခဲ့ကြသည်။
တာလီဘန်စစ်သွေးကြွအုပ်စုများ မြို့တွင်းသို့ စတင်ဝင်လာချိန်၌ သွေးထွက်သံယိုမှုများနှင့် လုယက်မှုများ ဖြစ်ပွားမည်ကို ကြောက်၍ ဘဏ်အများစု ပိတ်လိုက်ကြခြင်းဖြစ်သည်။ရက်အတန်ကြာလာသောအခါ အာဖဂနစ္စတန်ဗဟိုဘဏ်မှ ရွှေနှင့်အရန်ငွေကြေး ဒေါ်လာ ၇ ဘီလီယံဖြတ်တောက်ရန် ဝါရှင်တန်က ဆုံးဖြတ်လိုက်ပြီး ကဘူးလ်မြို့ရှိ ဘဏ်များ ဆက်လက်ပိတ်ထားခဲ့သည်။
(Photo-Aljazeera)
ယခုရက်သတ္တပတ်အတွင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)က အာဖဂန်အတွက် ဝေပုံကျပေးထားသော ဒေါ်လာသန်း ၄၆၀ ကို ဖြတ်တောက်လိုက်ပြီဖြစ်သည်။
တာလီဘန်များ ရောက်မလာခင် ကဘူးလ်မြို့ရှိ ထောင်နှင့်ချီသောပြည်သူများသည် ဘဏ်များနှင့် အေတီအမ်စက် များရှေ့သို့ စုပြုံရောက်ရှိလာပြီး ငွေသားများ ထုတ်ယူခဲ့ကြသည်။
အာဖဂန်နစ္စတန်ကဲ့သို့ ငွေသားအခြေပြုသုံးစွဲရသည့် လူမှုအသိုင်းအဝိုင်းတွင် ရက်အနည်းငယ်တွင်း ငွေစက္ကူ မရှိတော့ခြင်းနှင့် အစိုးရတစ်ရပ်ကျဆုံးသွားခြင်းစသည့် အကြောင်းနှစ်ခုစလုံးတို့ကြောင့် မနက်ဖြန် (သို့မဟုတ်) သီတင်းပတ်နှင့်ချီ၊ လနှင့်ချီ၍ စိုးရိမ်ထိတ်လန့်နေကြဦးမည်ဖြစ်ကြောင်း အယ်လ်ဂျာဇီးယားက သတင်း ဆက်လက်ဖော်ပြသည်။
လိုအပ်သည့်အချိန်တွင် အသေးစားချေးငွေများအတွက် ဆွေမျိုးသားချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များကိုသာ အားကိုးနေရကြောင်း ဘဏ်များ၏ပြင်ပတွင် တန်းစီစောင့်ဆိုင်းနေသူများက အယ်လ်ဂျာဇီးယားဌာနကို ရင်ဖွင့်ကြသည်။ လတ်တလောအနေအထားတွင် တာလီဘန်များသည် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲဦးဆောင်မှု အပိုင်းကို မကြေညာရသေး၍ အစိုးရရုံးများ ပြန်လည်ဖွင့်လှစ်ရန် နှောင့်နှေးနေဆဲဖြစ်သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်က အာဖဂန်ဘဏ္ဍာရေးဝန်ကြီးဌာနက အရပ်ဘက်ဝန်ထမ်းအားလုံး၏ ငွေပေးချေမှုကို အာမခံပေးပါမည်ဟု ကတိကဝတ်ပြုခဲ့မှုတော့ ရှိသည်။
တာလီဘန်များ အာဏာသိမ်းပြီးကတည်းက ရုံးမတက်ရသည်မှာ ၁၀ ရက်ကြာပြီဖြစ်ကြောင်း အာဖဂန်နစ္စတန် အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးက အယ်လ်ဂျားဇီးယားသို့ ပြောကြားခဲ့သည်။