CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၈

တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ ပူးတွဲပို့ဆောင်ရေးလမ်း ကြောင်းသစ်ဖြစ်သည့် တရုတ်ဘက်ခြမ်းမှ ရထားလမ်းပိုင်းကို ပထမအကြိမ်အဖြစ် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဩဂုတ်လ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ပထမဆုံး အသုတ်ဖြစ်သည့် တတိယနိုင်ငံမှ ကုန်ပစ္စည်းတင်ဆောင်လာသည့် ကွန်တိန်နာများသည် ရန်ကုန်ဆိပ်ကမ်းမှ တစ်ဆင့် ချင်းရွှေဟော်နယ်စပ်ဂိတ်သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ သုံးရက်အကြာတွင် တရုတ်နိုင်ငံ ချန်တူးမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပို့ဆောင်ရေးလမ်းကြောင်းမှာ “တရုတ်ယူနန်-မြန်မာရန်ကုန်-အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှုလမ်းကြောင်းသစ်”ဟုလည်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ လင်ချန်းမြို့ကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် Mr. Xi Jinping က “တရုတ်-မြန်မာ-အိန္ဒိယ သမုဒ္ဒရာ လမ်းကြောင်းသစ်ကို အောင်မြင်စွာ စမ်းသပ်ဖွင့်လှစ်နိုင်ခြင်းက တရုတ်-မြန်မာ စီးပွားကုန်သွယ်ရေး ဆက်ဆံမှုကို ခိုင်မာစေတဲ့ အရေးကြီးထိုးဖောက်မှုဖြစ်တယ်” ဟု ပြောကြားထားသည်။

ထို့ပြင် လင်ချန်းအစိုးရဘက်ကလည်း “Belt and Road” နှင့် “Economic Pivot” တည်ဆောက်မှုကို ဆက်လက်တာဝန်ယူပြီး မြန်မာနိုင်ငံနှင့်လက်တွဲကာ ဖွံ့ဖြိုးတိုးတက်မှုအား အတူတကွဖော်ဆောင်၍ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးသံယောဇဉ် စာမျက်နှာအသစ်ကို အတူရေးဆွဲသွားလိုကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်သမ္မတ ခရီးစဉ်တွင်လည်း ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) ကို အထောက်အပံဖြစ်စေမည့် သဘောတူစာချုပ်များ အပါအဝင် စာချွန်လွှာ၊ လုပ်ငန်းသဘောတူစာချုပ် (၃၃) ခုကို လည်း လက်မှတ်ရေးထိုးခဲ့သည်။