CNI News
၂၀၂၁ခုနှစ်၊ သြဂုတ် ၂၇
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုများနှင့် ကိုဗစ်-၁၉ တတိယလှိုင်းတို့ကြောင့် မြန်မာ့ သနပ်ခါးများမှာ ဈေးကွက်ပျောက်နေပြီး ရောင်းအားကျဆင်းနေကြောင်း မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုး ထုတ် လုပ် တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။
ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် မြန်မာ့သနပ်ခါးအား ဈေးများတွင် ရောင်းချမှုများရှိသကဲ့သို့ အွန်လိုင်း ရှော့ပင်းတို့ကနေလည်း ရောင်းချရသည့်အတွက် ရောင်းချမှု မပျက်ကြောင်း မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုး ထုတ် လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဗဟိုပြန်ကြားရေးမှူး ဦးမျိုးဝင်းသန့်က ပြောသည်။
ဦးမျိုးဝင်းသန့်က “အခုတတိယလှိုင်းမှာကျ ပွင့်ပွင့်လင်းလင်းပြောပြရင် အွန်လိုင်းပေါ်မှာလည်း မရောင်းရဘူး။ မရောင်းလည်း မရောင်းရက်ဘူးပေါ့။
ခေတ်ကာလ အခြေအနေအရ နိုင်ငံရေးအခြေအနေအရက လက်လုပ် လက်စား ပြည်သူတွေသည် အရင်တုန်းက သနပ်ခါးကို သူတို့ကိုယ်တိုင်ပေါ့ ၃၀၀၀ ဖိုး ဝယ်နိုင်တယ်။ ၅၀၀၀ ဖိုး ဝယ်နိုင်တယ်။ ၁၀၀၀၀ ဖိုး ဝယ်နိုင်တယ်။ ဒါပေမယ့်လို့ အခုခေတ်မှာက နိုင်ငံရေးအခြေအနေအရ ပြည်သူ/ပြည် သား တော်တော်များများဟာ ၃၀၀၀ ဖိုး မပြောနဲ့ ၁၀၀၀၊ ၁၅၀၀ ဖိုး ဝယ်နိုင်ဖို့ဆိုတာ တော်တော်ကြီးကို သူတို့ မှာ စဉ်းစားရတဲ့ အခြေအနေမျိုး ဖြစ်နေတာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မဖြစ်ပွားခင်အချိန်က မြန်မာ့သနပ်ခါး ရောင်းချမှုနှုန်းသည် ၁၀၀ ရာခိုင်နှုန်းအထိ ရောင်းချမှုရှိခဲ့သော်လည်း ကိုဗစ်ပထမလှိုင်း ဖြစ်ပွားချိန်၌ ၆၀ ရာခိုင်နှုန်းခန့်သာ ရောင်းချရပြီး ဒုတိယလှိုင်းတွင် ၇၅ ရာခိုင်နှုန်း ပြန်ရောင်းချနိုင်ခဲ့သည်။
သို့သော် ယခုတတိယလှိုင်းတွင်မူ မြန်မာ့သနပ်ခါးရောင်းချမှုအား ၄၀ ရာခိုင်နှုန်း ဝန်းကျင်ခန့် ရောင်းချနိုင်ရန်ပင် မလွယ်ကူကြောင်း မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုး ထုတ် လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဗဟိုပြန်ကြားရေး မှူး ဦးမျိုးဝင်းသန့်က ပြောသည်။
သနပ်ခါးစိုက်သည့် တောင်သူများအနေဖြင့် စားဝတ်နေရေးအတွက် ရသလောက်ဈေးဖြင့် သနပ်ခါးများအား ရောင်းချနေရသည့် အနေအထားဖြစ်နေကြောင်း သိရသည်။
ဦးမျိုးဝင်းသန့်က “တောင်သူတွေအနေနဲ့က ကိုဗစ်က တစ်ကြိမ်လည်းမဟုတ် နှစ်ကြိမ်လည်းမဟုတ်ဘူး၊ သုံးကြိမ်မြောက်ဆိုတော့ အလူးအလဲတွေ ခံစားရတယ်ပေါ့နော်။ စိုက်ပျိုးထုတ်လုပ်တဲ့သူတွေ အကုန်လုံးလည်း ခံစားရပါတယ်။ တောင်သူ တိုင်း လက်မလျော့စေချင်ပါဘူး။ ဒီ ကိုဗစ်လွန်တာနဲ့ နိုင်ငံရေး အနေအထားတွေ အေးချမ်းသွားပြီဆိုတာနဲ့ ဈေးကွက်ကို ပြန်ပြီးဦးမော့အောင် ကြိုးစားပြီးတော့ ကူညီအောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာ့သနပ်ခါးများအား ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အဓိက ရောင်းချကြကြောင်း သိရ သည်။
ကိုဗစ်ကာလအလွန်တွင် အရာတော်မြို့ ၌ သနပ်ခါးမှ တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ပုတီး၊ ဘီး၊ လက်ပတ်၊ ရုပ်ပွားစေတီတော်၊ သနပ်ခါးပေါင်ဒါ စသည်တို့အား ထုတ်လုပ်ကာ ဆိုင်ခန်းများဖွင့်လှစ် ရောင်းချပေးသွား မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနှင့် စင်ကာပူနိုင်ငံများသို့ သနပ်ခါးမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ် ပြီး တင်ပို့ရောင်းချသွားရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။