အဆိုပါပွဲတော်တွင် အရည်အသွေးမြင့်မားသည့် ဟာလာ (Halal) ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နယ်စပ်ဖြတ်ကျော်၍ ဝယ်ယူ ရောင်းချနိုင်ရန် ရည်ရွယ်ထားပြီး ပွဲတော်ကို စက်တင်ဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ဒစ်ဂျစ်တယ် နည်းလမ်းများဖြင့် ရောင်းဝယ် ဖောက်ကားမှုကို လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။
MATRADE အမှုဆောင်အရာရှိချုပ် Mr. Mohd Mustafa Abdul Aziz က “ဒစ်ဂျစ်တယ်နည်းလမ်းအရ ရောင်းဝယ်ဖောက်ကား နိုင်မှုက စီးပွားရေးလုပ်ငန်းတွေ ကြံ့ခိုင်မှုမှာ အဓိက ကျပါတယ်။ လက်ရှိ ခေတ်ရေစီးကြောင်းနဲ့အမီလိုက်နိုင်ဖို့နဲ့ လတ်တလော ကပ်ရောဂါ အခြေအနေတွေကြောင့် MIHAS က ဒီနှစ်မှာတော့ ဟာလာ (Halal) လုပ်ငန်း နယ်ပယ်အတွက် ကူညီပံ့ပိုးတဲ့သူ တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုန်သွယ်ရေး မိတ်ဖက်တွေကို ဒစ်ဂျစ်တယ်ပလက်ဖောင်း တစ်ခုတည်းအောက်မှာ ယူဆောင် လာမှာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
MIHAS သည် ဟာလာ (Halal) ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးအပ်သည့် လုပ်ငန်းများကို ဒစ်ဂျစ်တယ်နည်းဖြင့် တင် ဆက်သွားမည်ဖြစ်ပြီး ဟာလာ (Halal) ဂေဟစနစ်တစ်ခုလုံးရှိ အပြည်ပြည်ဆိုင်ရာ ဝယ်လက်များနှင့် ကုန်သွယ်ရေး လေ့လာသူ ၁၅၀၀၀ ကျော် ပါဝင်ဆင်နွှဲကြမည်ဖြစ်သည်။
MIHAS သည် ကုန်သွယ်ရေးထောက်တိုင် ၁၂ ခုဖြစ်သော ပညာရေး၊ ဆေးဝါးပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် ပံ့ပိုးပေးသူများ၊ ကုန်အမှတ်တံဆိပ်အသုံးပြုခွင့် (franchise)၊ လုံခြုံရိုးရှင်းလှပသည့် ဖက်ရှင်၊ ဘဏ္ဍာရေး၊ အလှကုန်များနှင့် တစ်ကိုယ်ရည် ထိန်းသိမ်းစောင့်ရှောက်မှု၊ မီဒီယာနှင့် အပန်းဖြေမှု၊ ခရီးသွားလာမှု၊ အွန်လိုင်းကူးသန်းရောင်းဝယ်မှုနှင့် စားသောက်ကုန်၊ နည်းပညာတို့ကို ပြသသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားကုန်သွယ်ရေး မဟာမင်းကြီး Mr. Azahar Mohamed က “ဒစ်ဂျစ်တယ်စနစ်ကို ကူးပြောင်း လုပ်ဆောင်တာက MIHAS အနေနဲ့ သူ့ရဲ့ လက်လှမ်းမီနိုင်မှုနဲ့ သက်ရောက်မှုတွေကို ပိုပြီးချဲ့ထွင်လိုက်နိုင်ပါတယ်။ အဲဒါက ဟာလာ (Halal) လုပ်ငန်းတွေ တိုးတက်လာနေတဲ့ မြန်မာအပါအဝင် မလေးရှားရဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး မိတ်ဖက်တွေနဲ့ ပိုပြီးတော့ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတစ်ခုအဖြစ် ဖန်တီးပေးပါတယ်” ဟု ပြောသည်။
ထို့ပြင် MIHAS သည် ပြခန်း ခင်းကျင်းပြသသူများ၊ လေ့လာသူများနှင့် ပါဝင်သူများအား AI အကူအညီဖြင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများနှင့် ချိတ်ဆက်ပေးခြင်း၊ မတူညီသော စံချိန်များမှတစ်ဆင့် မည်သည့် အချိန်တွင်မဆို တိုက်ရိုက် ချိတ် ဆက် ပြောဆိုမှုများ ပြုလုပ်နိုင်ခြင်း၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား ခင်းကျင်းပြသခြင်း၊ အွန်လိုင်းဆွေးနွေး ပွဲများတွင် ပါဝင်သူများအနေဖြင့် ၎င်းတို့၏ နိုင်ငံများမှတစ်ဆင့် ဘေးကင်းစွာနှင့် သက်သောင့်သက်သာ ပါဝင်နိုင်ခြင်း စသည့်တို့ကို စီစဉ် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။