CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၆

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ပိတ်မိနေသောကုန်ကားများအနေဖြင့် လာမည့် စက်တင်ဘာလမှသာ ထွက်ခွင့်ရ မည်ဟု ခန့်မှန်းရကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးအောင်သက်ဦးက ပြောသည်။

ဦးအောင်သက်ဦးက “လက်ရှိကတော့ အနည်းအကျဉ်း ပိတ်မိနေတာရှိမယ်။ တချို့ ပြန်လှည့်သွားတာ ရှိမယ်။ နောက် တချို့ ကတော့ မူဆယ်မှာ ဂိုဒေါင်ငှားပြီး ချထားတာ ရှိမယ်ပေါ့။ ကုန်ခြောက်ကား တချို့ပိတ်မိနေတယ်ပေါ့။ အဲ့ဒါတော့ ညှိနှိုင်းတုန်း ပဲ။ နောက်လ ၁၅ ရက် ဝန်းကျင်လောက်တော့ နည်းနည်းပဲ ဝင်လို့ရမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် သေတော့ မသေချာ သေးပါဘူး။ အတိအကျကြီး စာမထွက်သေးဘူးလေ”ဟု လက်ရှိ အခြေအနေကို CNI သတင်းဌာနသို့ ပြောသည်။

တချို့ ပုပ်သိုးလွယ်သော ကုန်ကားများပေါ်ရှိ ကုန်များကိုလည်း ဂိုဒေါင်ငှား၍ စောင့်ဆိုင်းခြင်း၊ မူဆယ်မြို့ပေါ်တွင် ရသည့် ဈေးဖြင့် ရောင်းချခြင်း၊ ကုန်ကားများ နောက်ပြန်လှည့်ကာ မန္တလေးနှင့် ရန်ကုန်တို့တွင် ရောင်းချခြင်း စသည် တို့ကို ပြုလုပ် နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များကို တရုတ်ဖက်မှ ပိတ်ထားသည်မှာ လက်ရှိအချိန်အထိ ကုန်သွယ်မှုရပ်တန့်နေသည်က နှစ်လနီးပါးခန့်ရှိနေပြီ ဖြစ်သည်။

ရွှေမြန်မာအွန်လိုင်း ပရဟိတအသင်း ဥက္ကဋ္ဌ ကိုချမ်းမြေ့က “ကုန်ကားတွေ ပိတ်မိနေတာရှိတယ်။ ခါလီကားတွေရော ကုန်ဂိတ် က ဟာတွေရော ပိတ်မိထားတာ ရှိတယ်။ ဟိုတစ်လောက ဒယ်လ်တာပိုး တွေ့လိုက်တဲ့အတွက် ဂိတ်အားလုံးကို ပိတ်ချလိုက် တော့ ဒီဘက်မှာ ပိတ်မိနေတဲ့ ကားတွေ ရှိတယ်။ ကြက်သွန် ကားတွေရော၊ ဘာရောဆိုရင် ကုန်ကားအစီးရေ ၆၀ ကနေ ၁၀၀ လောက်တော့ ကျန်အုံးမယ်”ဟု တရုတ်ဖက်တွင် ကုန်ကားများ ပိတ်မိနေသည့် အခြေအနေနှင့် ပတ်သက်ပြီး ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ဆွေးနွေးညှိနှိုင်းမှု လုပ်နေတာရှိတယ်။ ဒီနယ်စပ်ကုန်သွယ်ရေးက အခု ၁၀၅ မိုင်မှာ ကုတင်တစ်ထောင် ကိုဗစ်လူနာတွေ ထားဖို့ရာအတွက် လုပ်နေတယ်။ ဒါတွေ ပြီးပြီ ဆိုရင်တော့ ကျနော်တို့ နယ်စပ်ဆွေးနွေးမှု ရလဒ်ကတော့ ကောင်းမယ့် အနေအထား ရှိပါတယ်။ သူတို့ ကုန်သွယ်ရေးဌာနက တာ၀န်ရှိတဲ့သူတွေတော့ နှစ်နိုင်ငံ ဆွေးနွေးတိုင်ပင်နေတာ ရှိပါတယ်” ဟု ပြောသည်။

ယခင်ကလည်း ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်ဖက်မှ နယ်စပ်ဂိတ်ပေါက် ဝင်ရောက်မှုတွင် ပြောင်းလဲမှုတချို့ကြောင့် ကုန်ကားများ လနှင့်ချီ၍ ပိတ်မိခဲ့ခြင်းများ ရှိခဲ့ပြီး သစ်သီးရာသီတွင် ဖရဲသီးများစွန့်ပစ်ရသည်အထိ ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့သည်။

လက်ရှိ ကုန်သွယ်မှုရပ်တန့်နေသော်လည်း ယခု သြဂုတ်လ ၃ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု အစီအစဉ်အရ ရွှေလီမြို့ အုပ်ချုပ်ရေး တာဝန်ရှိသူများက အရေးကြီးဆေးဝါးပစ္စည်းမှလွဲ၍ နယ်စပ်ဂိတ်များကို နှစ်လကြာ ပိတ်ထားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အိမ်နီးချင်း တရုတ်နှင့်သာ အများဆုံးကုန်သွယ်မှု ပြုလုပ်နေရသဖြင့် ယခု ကဲ့သို့ နယ်စပ်ဂိတ်များကို ပိတ်ဆို့ခြင်းမှာ အချိန်ပို၍ ကြာလာသည်နှင့်အမျှ လယ်ယာထွက်ကုန် တင်ပို့မှုတွင် အကြီးအကျယ် ထိခိုက်နိုင်ကြောင်း မြန်မာကုန်သည်များ ထံက သိရသည်။