CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၅

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေရပြီး စီးပွားရေးထိခိုက်မှုများလည်း ရှိနေသည့်အတွက် အခွန်အကောက်ရငွေနှင့် တခြား သာမန်ရငွေ အပါအဝင် နိုင်ငံတော်ဝင်ငွေ လျော့နည်းကျဆင်း လျက်ရှိ နေကာ ဆက်လက်၍ လာမည့် ခြောက်လအတွင်း ရငွေများ လျော့နည်းနိုင်ကြောင်း နစက၏ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၄ ရက်နေ့တွင် ပြုလုပ်သော နိုင်ငံတော်ဘတ်ဂျက် အရအသုံး ခန့်မှန်းခြေ ငွေစာရင်း စိစစ်သည့် အစည်းအဝေးတွင် နစက၏ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော်အနေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အသုံးစရိတ်များကို မဖြစ်မနေ သုံးစွဲရမည် ဖြစ်သောကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ အသုံးစရိတ်များကို အတတ်နိုင်ဆုံး စိစစ် သုံးစွဲသွားကြရန် တိုက်တွန်းပါတယ်” ၎င်းက ပြောသည်။

 

ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဧပြီ ၁ ရက်မှ မတ် ၃၀ ရက်အထိ ပြန်လည်ပြောင်းလဲပြင်ဆင် သတ်မှတ်မည် ဖြစ်သောကြောင့် ကြားကာလ ဘတ်ဂျက်အဖြစ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ခြောက်လအတွက် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းမှာ ခြောက်လအတွင်း အမှန်ရရှိနိုင်သော ရငွေများဖြစ်ရန်နှင့် ဝန်ကြီးဌာန များ၏ အသုံးစရိတ် လျာထားချက်များသည် အမှန်တကယ် သုံးစွဲမည့်စရိတ်များကိုသာ လျာထားရန်လိုအပ်ကြောင်း ဆိုသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “ဝန်ကြီးဌာနတွေ အနေနဲ့ ရငွေတွေကို လျာထားချက်အတိုင်း ရရှိအောင် ဆောင်ရွက်ဖို့နဲ့ မိမိ ခွဲဝေရရှိတဲ့ ဘဏ္ဍာငွေတွေကို သုံးစွဲတဲ့ အခါမှာလည်း နစကရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်ကို အထောက် အကူပြုတဲ့ အသုံးစရိတ်တွေ၊ ပြည်သူကို တိုက်ရိုက် အကျိုးပြုတဲ့ အသုံးစရိတ်တွေကို ဦးစားပေး သုံးစွဲလိုတယ်” ဟု ပြော သည်။

ပြည်ထောင်စု ဝန်ကြီးဌာနများက တင်ပြတောင်းခံကြသော အသုံးစရိတ်များတွင် ပုံမှန်လိုအပ်သည့် အသုံးစရိတ်များအပြင် ကုန်ထုတ်လုပ်မှုကို အကျိုးပြုစေမည့် စက်ရုံများ ပြန်လည်လည်ပတ်ရေးအတွက် အသုံးစရိတ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် အသုံးစရိတ်များနှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေမည့် ပြည်ပချေးငွေ၊ ပြည်ပ အကူအညီရငွေတို့နှင့် ဆောင်ရွက်မည့် အသုံးစရိတ်များလည်း ပါဝင်သည်ကို တွေ့ရှိရ ကြောင်း ပြောသည်။

ကပ်ရောဂါ၏ စိန်ခေါ်မှုများနှင့် နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်အရ ကြုံတွေ့ရမည့် စိန်ခေါ်မှုများ ရှိနေသော်လည်း ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ရငွေလျာထားချက်များ အတတ်နိုင်ဆုံး ပြည့်မှီရေး၊ ခွင့်ပြုအသုံးစရိတ်များ အချိန်မှီ သုံးစွဲ နိုင်ရေး၊ အသုံးစရိတ်များကို သတ်မှတ်ချိန်အတွင်း ပြန်လည်အပ်နှံခြင်းတို့ကို ဆောင်ရွက်သွားရန်လည်း တိုက်တွန်းထားသည်။

အဆိုပါ အစည်းအဝေးသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လစာအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းရန် ၆ လအတွင်း အရအသုံးခန့်မှန်းခြေ ငွေစာရင်းကို စိစစ် သည့် အစည်းအဝေးဖြစ်သော်လည်း နိုင်ငံတော်ဘတ်ဂျက်နှင့် ပတ်သက်ပြီး သုံးစွဲမည့် ငွေကြေးပမာဏကို ဖော်ပြထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် အစိုးရလက်ထက်က နိုင်ငံတော်ဘတ်ဂျက်နှင့် ပတ်သက်ပြီး မည်မျှ သုံးစွဲ၊ လျာထားကြောင်း အချက်အလက်များ ကို အများပြည်သူ သိရှိရန် ချပြခဲ့သလို လွှတ်တော်တွင်လည်း ငြင်းခုံမှုများ ရှိခဲ့သည်။