CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၅

မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦးများ အဆင်သင့်ရှိနေသဖြင့် ကျောက်စိမ်းအချောထည် ထုတ်လုပ်ခြင်း အဓိက ဈေး ကွက်ဖြစ်ရန် ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်က ပြုလုပ်သော ကျောက်စိမ်းအချောထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီမှ အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

ကျောက်စိမ်းအရိုင်းများအတိုင်း ပြည်ပသို့ တင်ပို့ခဲ့သည်မှာ နှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိ ရန်ကုန်မြို့တွင် ပင်လုံ ရတနာဈေး တည်ဆောက်ခဲ့သော်လည်း လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု ဝန်ကြီးက ပြောသည်။

ထို့ပြင် နေပြည်တော် ရွှေကြာပင် ကျောက်မျက်ရတနာဈေးကိုလည်း အချောထည်များ ထုတ်လုပ်ရောင်းချနိုင်မည့် အဆောက် အအုံ များနှင့် စက်ရုံအလုပ်ရုံများ ဆောက်လုပ်ဆောင်ရွက်စေခဲ့ပြီး အဆောက်အအုံများမှာ လက်ရှိတွင် ပြီးစီးခဲ့သော်လည်း အချောထည် လုပ်ငန်းဆောင်ရွက်နိုင်သူ အနည်းငယ်သာရှိကြောင်း ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံကျောက်မျက်ရတနာအသင်းမှ တာဝန်ရှိသူများ၊ လက်တွေ့ လုပ်ငန်းဆောင်ရွက်နေသူများနှင့် ကျွမ်းကျင်သူများအနေဖြင့် မြန်မာနိုင်ငံ၏ ကျောက်စိမ်းအချောထည်ကဏ္ဍ ဖွံ့ဖြိးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းနှင့် ပြည်တွင်း၌ ရောင်းချခြင်းများ ပြုလုပ်နိုင်ရန်အတွက် ဖိတ်ခေါ်ကြောင်း သိရသည်။