CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၄
ဘဏ်လုပ်ငန်းများ တစ်ပတ်အကြာပိတ်ပြီးနောက် ပြန်ဖွင့်သည့် ယခုရက်ပိုင်းတွင် ပြင်ပ ဒေါ်လာ ရောင်းဝယ်ရေးဈေးကွက်၌ ရောင်းသူနှင့်ဝယ်သူ ကြိုက်ရောင်း၊ ကြိုက်ဝယ် ညှိရောင်းသည့် ပုံစံမျိုး ဖြစ်လာကြောင်း ပြင်ပ ဒေါ်လာရောင်းဝယ်သူများ ထံက စုံစမ်း သိရှိရသည်။
ဒေါ်လာအရောင်းအဝယ် ကုန်သည်ပွဲစားဖြစ်သူ ဦးမြင့် (အမည်လွှဲ)က “ဈေးကွက် အနေအထားအရတော့ အေးသွားတယ်။ အခုလတ်တလော ဖမ်းတာ ဆီးတာတွေကြောင့်လည်း ပါတာပေါ့နော်။ ဗဟိုဘဏ်က ရောင်းပေးမယ်ဆိုပြီး ချပေးလိုက်တော့ ငွေလဲကောင်တာတွေက မဖြစ်မနေ ယူပြီးတော့ ရောင်းပေးတယ်။
အဲဒီတော့ တစ်သွေးတစ်သံ တစ်မိန့်နဲ့တော့ ပစ္စည်းတွေက တင်ရောင်းရတယ်။ ဘာဖြစ်လဲဆိုတော့ ဈေးကျော်ရောင်းရင်လည်း သူတို့က ပြဿနာတက်ပြန်ရော။ အဲဒါကြောင့် ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ပဲ ရောင်းရတယ်။ ဝယ်ချင်လို့ ရှိလားလို့ မေးရင် အဲငွေကောင်တာတွေက မရှိဘူးလို့ အကုန်လုံးပြောတယ်” ဟု လက်ရှိ ဈေးကွက်အခြေအနေကို CNI သတင်းဌာနသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ရှိတဲ့ဟာတွေကျတော့လည်း အစုတ်တွေ၊ ဈေးကွက်မှာကျတော့ ဖလန်းဖလန်းပေါ့။ တကယ် ရိုက်ထုတ် လာတဲ့ အသစ်တွေပဲ အရောင်းအဝယ် ဖြစ်နေတာ။ ပြင်ပမှာတော့ အခုက ကြိုက်ရောင်း ကြိုက်ဝယ်ပုံစံမျိုးဖြစ်တယ်။ ရောင်း ရင်လည်း နိမ့်ချဝယ်သလို အဆင်ပြေသလို ညှိရောင်းကြတဲ့ ပုံစံမျိုး ဖြစ်သွားပြီ” ဟု ရှင်းပြသည်။
ပြီးခဲ့သည့် ဘဏ်ပိတ်ထားသည့် ရက်ပိုင်းအတွင်း ဝယ်လိုအား တက်ခဲ့ခြင်းကြောင့် အမေရိကန် (၁)ဒေါ်လာ လဲလှယ်နှုန်းမှာ ပြင်ပပေါက်ဈေးတွင် ကျပ် ၁၈၀၀ ဝန်းကျင်အထိ ရှိခဲ့ပြီး ယခုအချိန်တွင် ဝယ်လက်များပျောက်ကာ ရောင်းမည့်သူများက ပိုများလာကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း ဘဏ်လုပ်ငန်းများ ရက်ရှည်ပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်သော ဩဂုတ်လ ၂၃ ရက် တွင် ခြောက်ကြိမ်မြောက်အဖြစ်
ဒေါ်လာ သိန်း ၁၀၀ ကို ပျမ်းမျှငွေလဲနှုန်း ၁၆၆၀ ကျပ်ဖြင့် ရောင်းချခဲ့သည်။
ဈေးကွက်မှာ ဗဟိုဘဏ်က ဒေါ်လာဈေးကျရန် ရောင်းပေးသော်လည်း ပြင်ပဈေးကွက်အနေနှင့် ပြင်ပအဝယ်ကိုသာ စောင့်ပြီး လုပ်ကိုင်ရသောကြောင့် ဈေးကွာဟမှုများက ရှိနေသည်ဟု ဦးမြင့်က ပြောသည်။
ဗဟိုဘဏ်အနေနှင့် ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်/အကျ ကြီးမားခြင်းကို လျော့နည်းစေရန် နိုင်ငံခြား ငွေဈေးပြိုင်လေလံကို ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခု ဩဂုတ် ၂၃ ရက်တွင် ထုတ်ရောင်းခြင်းမှာ အများဆုံး ထုတ်ရောင်းသည့် ပမာဏလည်းဖြစ်ကြောင်း သိရသည်။
ယခု ဩဂုတ်လအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ သိန်း ၂၃၀ ရောင်းချထားပြီး ပြီးခဲ့သည့် ဇူလိုင်လ ဘဏ်ဖွင့်ရက်များ တွင်လည်း နေ့စဉ်ရက်ဆက်နီးပါး ရောင်းချခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ သိန်း ၃၉၀ အထိ ရောင်းချခဲ့ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ် စာရင်းများတွင် ဖော်ပြထားသည်။