CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၇

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်တွင် မြန်မာ့ရွှေဈေး တစ်ကျပ်သားကို ကျပ် ၁,၅၈၀,၀၀၀( ၁၅ သိန်း ၈ သောင်း)ကျော် ရှိခဲ့ရာမှ ယခု ဩဂုတ်လ ၁၇ ရက်၌ မြန်မာ့ရွှေဈေး ကျပ် ၁၇ သိန်းဝန်းကျင်အထိ ရောက်လာပြီဖြစ်ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ မြန်မာ့ရွှေဈေးများ ရက်ပိုင်းအတွင်း ကျပ် ၁ သိန်းကျော်အထိ ဈေးနှုန်း မြင့်တက်ခဲ့ခြင်းမှာ ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်း၊ ပြည်တွင်းဒေါ်လာဈေး လဲလှယ်နှုန်းများ မြင့်တက်ခြင်း၊ ဆေးပစ္စည်းများ တင်သွင်းရာတွင် ဒေါ်လာဝယ်ယူမှုများခြင်း၊ နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) ဘဏ်ကလည်း နိုင်ငံခြားဝင်ငွေအားလုံးကို ပိတ်ထားသဖြင့် ဈေးကွက်အ တွင်း ဒေါ်လာရှားပါးပြီး ဈေးတက်ခြင်းတို့ကြောင့်လည်း မြန်မာ့ရွှေဈေး လိုက်ပါမြင့်တက်လာခြင်း ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များ ထံက သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က “MFTB ဘဏ်ကလည်း နိုင်ငံခြားငွေ အဝင်ကို ပိတ် ထားတယ်။ တကယ်လို့ ဖွင့်ထားလို့ နိုင်ငံခြားဒေါ်လာတွေ နေ့စဉ်ဝင်နေတယ်ဆိုရင် ဒီလောက်ကြီး တက်စရာမရှိဘူး။ ရွှေဈေး ကတော့ ကမ္ဘာ့ဈေးပေါ်မှာ မူတည်တယ်။

ဒီနေ့ပြုတ်ကျရင် ဒီနေ့ ပြန်ဖြစ်မှာပဲ။ ပြည်တွင်း ဒေါ်လာဈေးကတော့ လာမယ့် ၂၁ ရက်နေ့လောက်အထိ မကျနိုင်သေးဘူး” ဟု CNI သတင်းဌာနသို့ ပြောကြားသည်။

ဩဂုတ်လ ၁၂ ရက်နေ့က ပြည်တွင်း၌ အမေရိကန် ၁ ဒေါ်လာ လဲလှယ်နှုန်း ကျပ် ၁၇၀၀ ကျော် ရောက်ရှိသွားသောကြောင့် မြန်မာ့ရွှေဈေးကွက် မဖွင့်နိုင်သည်အထိ ဖြစ်ခဲ့ရသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေ တစ်အောင်စ အမေရိကန် ၁၇၉၂ ဒေါ်လာနှင့် မြန်မာ့ရွှေဈေး ကျပ် ၁,၆၉၀,၀၀၀ (၁၆ သိန်း ၉ သောင်း) ကျော်နှင့် ဈေးကွက် စဖွင့်ခဲ့ပြီး ပြည်တွင်း ငွေကြေးလဲလှယ်နှုန်း၌ အမေရိကန် တစ်ဒေါ်လာကို ၁၇၀၀ ကျပ်ကျော် ပေါက်ဈေးရှိ နေသည်။

ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းမှာ ကိုဗစ်ကြောင့် အလုပ်ငန်းများ ရပ်စဲသွားခြင်း အပါအ၀င် ရွှေနှင့် ဒေါ်လာ ဝယ်ယူမှုများ လာခြင်းကြောင့် ရွှေစတော့ရှယ်ယာ ဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ဦးမျိုးမြင့်က ပြောသည်။

ပြည်တွင်း ရွှေဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်နေသော်လည်း ရွှေဝယ်လိုအားမှာ တစ်ပိုင်း၊ နှစ်ပိုင်းနှင့်သာ အရောင်း ဖြစ်ကာ အဝယ်သမားက နည်းပါးကြောင်း ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်မှ အာဏာသိမ်းပြီးနောက် တစ်နေ့တွင်လည်း စိုးရိမ်ပူပန်မှုများကြောင့် ကုန်ဈေးနှုန်း များ မတည်မငြိမ် ဖြစ်လာရာမှ မြန်မာ့ရွှေဈေးကွက် ပိတ်လိုက်ရသည်အထိ ဈေးနှုန်းများ မြှင့်တက်မှု ပြင်းထန်ခဲ့ဖူးသည်။

 

#ဦးမျိုးမြင့်

#ရွှေဈေးကွက်

#မြှင့်တက်

#ရွှေလုပ်ငန်းရှင်များအသင်း

#ကိုဗစ်

#နိုင်ငံရေးမတည်ငြိမ်မှု

#ကျပ် ၁၇ သိန်း

#ပေါက်ဈေး

#CNImyanmar

#cninews

#ChannelNewsIndependent