CNI News
၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၆
ထိုင်းနိုင်ငံတွင် ကူးစက်နှုန်းအလွန်မြင့်မားသော Delta မျိုးကွဲ COVID ပိုး တစ်နိုင်ငံလုံးသို့ ပျံ့နှံ့နေပြီး ရောဂါဖြစ်ပွားသူအသစ် နေ့စဉ် နှစ်သောင်းခန့်တိုးနေသဖြင့် ကပ်ရောဂါထိန်းချုပ်ရန် နိုက်ကလပ်များနှင့် အရက်ဘားများကို လနှင့်ချီ၍ အစိုးရက ပိတ်ထားဖို့ စေခိုင်းခဲ့သည်။
ဘန်ကောက်နှင့် ချောင်ဘူရီကဲ့သို့ ကူးစက်နှုန်း မြင့်သည့် ပြည်နယ်များ၊ မြို့ရွာများတွင် ည ၉ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ထားသည်။
“အလုပ်လက်မဲ့ဖြစ်လို့ အိမ်လခပေးဖို့တောင် ပိုက်ဆံမရှိတာကြောင့် လိင်လုပ်သားတချို့ဆို သူတို့အခန်းကို ပြန်အပ်ပြီး ကမ်းခြေမှာပဲ ထိုးအိပ်ရတယ်” ဟု ချောင်ဘူရီပြည်နယ်ကမ်းရိုးတန်းရှိ ပတ္တယားမြို့မှ လိင်အလုပ်သမား တစ်ဦးဖြစ်သူ အန်နာက ပြောသည်။
ကျန်းမာရေးအကျပ်အတည်းကြောင့် အန်နာ့လိုပင် အဓိကဝင်ငွေ ဆုံးရှုံးသွားသည့် ထိုင်းနိုင်ငံမှ လိင်လုပ်သားပေါင်း သိန်းနှင့်ချီ၍ ရှိသည်။
ထိုင်းနိုင်ငံတွင် လိင်ဖျော်ဖြေရေးလုပ်ငန်းများသည် တရားဝင်သတ်မှတ်ထားခြင်းမရှိဘဲ ဘန်ကောက်၊ ပတ္တယားနှင့် ဖူးခက်ကဲ့သို့ နာမည်ကြီးခရီးသွားလုပ်ငန်းများ တည်ရှိရာနယ်မြေများတွင်သာ အဆိုပါလုပ်ငန်းများ ကြီးထွား နေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတဝန်းတွင် လိင်လုပ်သားပေါင်း နှစ်သိန်းခန့်ရှိပြီး သူတို့ထဲက အများစုမှာ လိင်ဖျော်ဖြေရေးလုပ်ငန်းကို တရားဝင်ဖြစ်အောင် တိုက်ပွဲဝင်ခဲ့ကြသည်။ အခြားလုပ်ငန်းအသီးသီးရှိ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး နှင့် သက်သာချောင်ချိရေးတို့လို အာမခံမှုမျိုးကို သူတို့လည်း လိုချင်ကြသည်။
ပုံစာ - လူသူကင်းမဲ့နေတဲ့ ပတ္တရားလမ်းမ မြင်ကွင်း(ဓါတ်ပုံ-CGTN)
“ကျမတို့ ပြောနေတာကို အာဏာပိုင်တွေ နားထောင်ပေးရင် လိင်လုပ်သားတွေလည်း တရားဝင်အလုပ်သမားတွေ ဖြစ်လာလိမ့်မယ်။ ဒါကြောင့် အခုလို အကျပ်အတည်းကြုံရချိန်မှာ သူတို့ကို ကူညီဖို့ လူမှုဖူလုံရေးရန်ပုံငွေ ရလာမှာပေါ့” ဟု အန်နာက ပြောသည်။
ဘန်ကောက်နှင့် ပတ္တယားတို့ရှိ လိင်ဝန်ဆောင်မှုကွန်ရက်ထဲတွင် လိင်လုပ်သား ၈၀၀၀ ကျော်ရှိနေသော်လည်း ထိုင်းလူမှုဖွံ့ဖြိုးရေးနှင့်လုံခြုံရေးဝန်ကြီးဌာနအကူအညီကို တချို့တလေသာ ရရှိကြကာ ရသည့်ငွေမှာလည်း ဘတ် ၁၀၀၀ နှင့်၂၀၀၀ ကြားသာဖြစ်သည်။
“လိင်လုပ်ငန်းက ကျမတို့ ရှင်သန်ရပ်တည်ရေးအတွက် အထောက်အကူပါ။အခုလောလောဆယ်မှာတော့ ကျမတို့ ဘာမဆို ဝင်လုပ်နေရတယ်။ တချို့က ဓါတ်ဆီဆိုင်မှာ အကူလုပ်တယ်။ တချို့က စားပွဲထိုးလုပ်ရတယ်။ တချို့ကျတော့ အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ဝင်ကြရတယ်” ဟု ချင်းမိုင်မြို့ရှိ ဘားတစ်ခုတွင် အလုပ်လုပ်ဖူးသူ အာဆိုလေးချောင်က ပြောသည်။
ထိုင်းနိုင်ငံတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားချိန်မှစ၍ ကမ္ဘာလှည့်ခရီးသွားများ ကင်းမဲ့ကာ လိင်လုပ်သားများကို ဝင်ငွေကောင်းစေသည့် ညဘက်ဖျော်ဖြေရေးလုပ်ငန်းများနှင့် ညဘက်တွင်တောက်ပသည့် နီယွန်မီးများ မလင်းနိုင်တော့သလို သီချင်းသံတွေလည်း ဆိတ်သုဉ်းနေတော့သည်။
Source: Channel News Asia
#လိင်လုပ်သား
#ကိုဗစ်
#ထိုင်းနိုင်ငံ
#ဘန်ကောက်
#ပတ္တယား
#လိင်ဝန်ဆောင်မှု
#cninews
#CNIMyanmar
#ChannelNewsIndependent