CNI News

၂၀၂၂ ခုနှစ်၊ မတ် ၇

မြန်မာနိုင်ငံတစ်ဝှမ်း စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်းနှင့်အတူ ရခိုင်ပြည်နယ်အတွင်းတွင်လည်း စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်လာကာ အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရကြောင်း ရခိုင်ပြည်နယ်ရှိ ဒေသခံများ ထံမှ သိရသည်။

စက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့်အပြင် စက်သုံးဆီဆိုင်များက ဆီပြတ်လပ်မည်ကို စိုးရိမ်ခြင်းကြောင့် အကန့် အသတ်ဖြင့် ရောင်းချမှုများ ရှိနေကာ အခက်အခဲများလည်း ရှိကြောင်း ကျောက်တော်မြို့နယ် တောင်သူတစ်ဦး ဖြစ်သည့် ဦးအောင်ကျော်မြက CNI သတင်းဌာနသို့ ပြောသည်။

“ပရီမီယံ တစ်ပီပါကို လေးသိန်းခြောက်သောင်း၊ ၉၂ ဆိုရင်လည်း ၂၀၅၀ ဖြစ်သွားပြီ။ တချို့ဆိုင်တွေမှာဆိုလို့ရှိရင် သူတို့က ပြတ်သွားမှာစိုးလို့ အကန့်အသတ်နဲ့ ရောင်းနေတာရှိတယ်။ တချို့တချို့တွေဆိုရင် သူတို့က ချိန်ပြီးတော့မှ ရောင်းတယ်လေ။ ၁၀ ဂါလံဝယ်ဖို့ လာတဲ့သူတစ်ယောက်ကို ၅ ဂါလံလောက် ရောင်းပေးတာပေါ့နော်။ ဒီအတိုင်းဆို ကျနော်တို့က နွေရာသီ၊ မိုးရာသီ စက်သုံးဆီတွေ အခက်အခဲနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ ကျနော်တို့ အခက်အခဲ ရှိတယ်။ ဒီမှာက ကျွဲ၊ နွားနဲ့ ထွန်တာ မရှိတော့ဘူးလေ စက်သုံးဆီက အဓိကအရေးကြီးတယ်။ ဒီလိုသာ ဆီဈေး တက်နေရင်တော့ ကျနော်တို့ မလွယ်လောက်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်းများသည် မြို့နယ်တစ်ခုနှင့်တစ်ခု ဈေးနှုန်းကွာခြားမှုများ ရှိနေပြီး စစ်တွေမြို့နယ်နှင့် နီးစပ်သည့် မြို့နယ်များက ဈေးနှုန်း အနည်းငယ်သက်သာသော်လည်း အလှမ်းဝေးသည့် မြို့နယ်များမှာမူ ဈေးနှုန်း အဆမတန် မြင့်မားလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်၏ မြို့နယ်တချို့တွင် အောက်တိန်း ၉၂ တစ်လီတာဈေးနှုန်းသည် ၂၀၀၀ ကျော်သာ ရှိသော်လည်း မောင်တောမြို့နယ်တွင် တစ်လီတာလျှင် ၃၀၀၀ ကျပ်ဈေးနှုန်းရှိနေသောကြောင့် မောင်တောမှ တောင်ပြိုသို့ ပြေးဆွဲနေသည့် လိုင်းကားခများ ဈေးနှုန်းမြင့်တက်၍ ယာဉ်လိုင်းအချို့လည်း ရပ်နားထားရကြောင်း မောင်တောမှ တောင်ပြိုသို့ လိုင်းကားမောင်းနှင်နေသည့် ကိုမောင်မောင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

“အခုကကျတော့ ဆီလက်လီရောင်းနေတဲ့ တစ်လီတာကျတော့ အောက်တိန်း ၉၂ တစ်လီတာကို ၃၀၀၀ နှုန်းနဲ့ ဝယ်သုံးနေရတယ်။ အခု ၃၀၀၀ ဖြစ်သွားတာသည် ၃ ရက်လောက် ရှိသွားပြီ။ အခုက ဘယ်လိုမျိုး ရင်ဆိုင် နေရသလဲဆိုတော့ ကုန်တွေ တင်လို့ရှိရင်လည်း ကားခကို ဈေးပိုတောင်းပြီးတော့ ယူရတာမျိုး ရှိတယ်။ အရင်တုန်း က တောင်ပြိုနဲ့ မောင်တောကို ဆွဲနေတဲ့ ကားတွေက ခရီးသည်တစ်ဦးကို တစ်သောင်းဆိုလို့ရှိရင် အခုက တစ်သောင်းခွဲဖြစ်နေတယ်။ ၃ ရက်ကဆိုရင် ဒီနေ့ ကားထွက်တာ ကားတွေက လိုင်းကားတွေက လုံးဝကို မထွက်တဲ့ကားတွေ ရှိပါတယ်။ မထွက်နိုင်တဲ့ကားတွေ ရှိတာပေါ့နော်” ဟု ပြောသည်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ဆန်၊ ဆီ၊ ဆောက်လုပ်ရေးပစ္စည်းနှင့် ကုန်ပစ္စည်းတချို့ကို သယ်ဆောင်ရာတွင် နယ်လုံဝန်ကြီး၏ လက်မှတ်ပါရှိမှသာ သယ်ဆောင်ခွင့်ရမည်ဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

အဆိုပါပစ္စည်းများထဲတွင် စက်သုံးဆီ ပါဝင်နေသော်လည်း တချို့မြို့နယ်များတွင် ယင်းသို့ လုပ်ဆောင်ထားခြင်း များ မရှိကြောင်း၊ အရေအတွက် အကန့်အသတ်ဖြင့် သယ်ဆောင်ရမည်ဆိုပါက စက်သုံးဆီများ ဈေးနှုန်း အဆ မတန် မြင့်မားသွားမည်ဖြစ်သည့်အပြင် အကန့်အသတ်ဖြင့်သာ ခွဲဝေရောင်းချကြလိမ့်မည်ဟု တောင်ကုတ်မြို့နယ် မှ စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးပေါက်စက CNI သတင်းဌာနသို့ ပြောသည်။

“ဥပမာ ခါတိုင်းက ဂါလံ ၂၀၀ ဆိုရင် ၂၀၀။ ၂၀၀ တောင်မှ တစ်ရက်ပဲ သယ်ရမယ်။ နောက်နေ့မသယ်ရဘူး။ ဘယ်လောက် တစ်ပတ်ကို ဘယ်နှစ်ရက်ပဲ သယ်ရမယ်ဆိုလို့ရှိရင် သုံးစွဲအား များသွားမယ်ဆိုလို့ရှိရင် သုံးစွဲအား ပုံမှန်အတိုင်း ရှိနေမယ်ဆိုလို့ရှိရင် ဆီအဝင်နည်းသွားမယ်ဆိုရင် ဈေးနှုန်းက ရန်ကုန်မှာ တစ်လီတာကို ၂၀၀၀ ရှိမယ်ဆိုရင် ဒီမှာ ၂၅၀၀ တို့ ၃၀၀၀ တို့ ဖြစ်ကုန်မှာပေါ့။ မျှပြီးရောင်းရမှာပေါ့။ ၁၀ လီတာလိုချင်တဲ့ ကားတွေဆိုလို့ ရှိရင် ၁၀ လီတာ ရောင်းလို့မရဘူးပေါ့။ ၅ လီတာပေးတာတို့ အဲလိုမျိုး ဖြစ်သွားမှာပေါ့။ အဲလိုကန့်သတ်လိုက်ရင် ရောင်းတဲ့အပိုင်းမှာရော ရောင်းချရေးအပိုင်းမှာ သုံးတဲ့သူရော အခက်အခဲ ဖြစ်ကုန်မှာပေါ့” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်းများသည် ၁၀၀၀ ကျော်ရှိခဲ့ရာမှ ပြီးခဲ့သည့် ရက်ပိုင်းတွင် ၂၀၀၀ ကျော် အထိဖြစ်လာပြီး ဒီဇယ်၊ ပရီမီယမ် ဒီဇယ်၊ အောက်တိန်း ၉၂၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ကျပ် ၂၀၀၀ ကျော် သို့ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။