CNI News

၂၀၂၂ ခုနှစ်၊ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ မြန်မာ့လက်မှုထုတ်ကုန် ပစ္စည်းတစ်ခုဖြစ်သည့် ပုသိမ်ထီးများ ယခုကာလတွင် ရောင်း အားကျဆင်းနေပြီး အသေးစားလုပ်ငန်း လုပ်ကိုင်သည့် သူများအတွက် အခက်အခဲဖြစ်နေကြောင်း ပုသိမ်ထီးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ယခုကာလတွင် နိုင်ငံရေး အခြေအနေနှင့် ပွဲတော်ကျင်းပမှု နည်းပါးခြင်းများကြောင့် ပုသိမ်ထီး မှာယူမှုများ ကျဆင်းလာခဲ့ပြီး မူလရောင်းအားထက် ထက်ဝက်သာ ရှိတော့ကြောင်း ပုသိမ်မြို့မှ သစ္စာမြန်မာ့ရိုးရာ ပုသိမ်ထီးလုပ်ငန်းပိုင်ရှင် မကြူကြူအေး က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကွာခြားတယ်၊ တော်တော်ကွာခြားတယ်။ ကိုဗစ်တုန်းကတော့ မမှာဘူးအစ်မရယ်၊ နည်းတော့ နည်းတာပေါ့။ အခုက နည်းနည်းတော့ မှာတော့မှာတယ်။ တအားကြီးတော့ အများကြီးတော့ မမှာဘူးပေါ့။ အလှူတွေလည်း မလုပ်ရဘူးဆိုတော့။ အခုက ရောင်းအားတွေကလည်း ရောင်းတဲ့သူတွေကလည်း အိမ်ကြီးတွေလောက်ပဲ ဖြစ်တော့။ အခုက ၁၀၀ ရောင်းရတဲ့ နေရာမှာ ၅၀ လောက်တော့ ရောင်းရတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ပုသိမ်ထီး လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းများ ဈေးနှုန်း မြင့်တက်လျှက်ရှိကြောင်း၊ အသုံးပြုသည့် ပိတ်စ များ ဈေးနှုန်းနှစ်ဆခန့် မြင့်တက်ခဲ့ကြောင်း၊ ယခင် ၈၀၀ ကျပ်ရှိရာမှ ယခုတွင် ၁၆၀၀ ကျပ်အထိ မြင့်မားနေကြောင်း ပုသိမ်ထီး လုပ်ကိုင်သူများထံမှ သိရသည်။

ထိုသို့ ဈေးနှုန်းမြင့်တက်မှုကြောင့် လုပ်ငန်းအခြေအနေ ကြီးမားသည့် လုပ်ငန်းရှင်များအတွက် အခက်အခဲ မရှိသော်လည်း တစ်နိုင်တပိုင် လုပ်ကိုင်သည့် သူများအနေဖြင့် စိန်ခေါ်မှု ရှိနေကြောင်း သစ္စာမြန်မာ့ရိုးရာ ပုသိမ်ထီးလုပ်ငန်းပိုင်ရှင် မကြူကြူအေးက ပြောသည်။

 

၎င်းက “အိမ်ကြီးတွေက သူတို့က ပိုက်ဆံရှိတဲ့ သူတွေဆိုတော့ ရင်းနိုင်တာပေါ့။ လုပ်နိုင်တာပေါ့။ သမီးတို့ကျတော့ ပိုက်ဆံ နည်းတဲ့ အခါကျတော့ ငွေအင်အားနည်းတဲ့ အခါကျတော့ မရင်းနိုင်၊ ရင်းမထားနိုင်ဘူးပေါ့နော်။ အဲလို ရင်းမထားနိုင်တာ တစ်ကြောင်း ပါတာပေါ့နော်။ ရင်းထားနိုင်ရင် ခုနေချိန် ရင်းထားနိုင်လို့ရှိရင်တော့ အဆင်ပြေတာပေါ့။ သူတို့မှာတာနဲ့ အခု သူတို့ကလည်း လိုချင်ရင် ချက်ချင်းဆိုတော့လေ။ လိုချင်ကြရင် ချက်ချင်းဆိုတော့ အခုဒီနေ့မှာရင် တပတ်ခါ၊ နှစ်ရက် သုံးရက် လောက်ဆိုရင် သူတို့က လိုချင်ကြတဲ့သူတွေဆိုတော့ ကိုယ်က အဲလောက် မလိုက်နိုင်ဘူးလေ။ အိမ်ကြီးတွေက ၁၀ သိန်းဖိုး မှာ ရင် ၁၀ သိန်းဖိုး တတ်နိုင်တယ်လေ။ ကိုယ်က ကိုယ့်မိသားစု တစ်နိုင်လုပ်တာလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

အကြီးစား ပုသိမ်ထီး လုပ်ငန်းများကတော့ လက်ရှိကာလတွင်လည်း ပုသိမ်ထီး လာရောက် မှာယူမှုများ ပြတ်လပ်မှု မရှိဘဲ နေ့စဉ် ပို့ဆောင်ပေးနေရကြောင်း သိရသည်။

လက်ရှိတွင် ပုသိမ်ထီးကို မြန်မာနိုင်ငံအနှံ့မှ လာရောက်မှာယူမှုများ ရှိသော်လည်း ရောင်းအားသည် မူလ၏ ၆၀ ရာခိုင်နှုန်းခန့် သာ ရှိသေးကြောင်း နေနတ်သား ပုသိမ်ထီးလုပ်ငန်းပိုင်ရှင် ဒေါ်နီနီထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အလှူပွဲတွေကြောင့်လည်း ပါတယ်။ နိုင်ငံရေး အခြေအနေကြောင့်လည်းပါတယ်၊ အခုဖြစ်နေတာ လုပ်ငန်းအသေး သမားတွေ ကျတော့။ အန်တီတို့ လုပ်ငန်းအခြေအနေ အကြီးသမားတွေကျတော့ ကိုယ့်ကုန်ကြမ်းနဲ့ကိုယ်၊ ကိုယ့်ဖောက်သည်နဲ့ ကိုယ်ဆိုတော့လေ။ ကိုဗစ်ဖြစ်တုန်းကသာ နည်းနည်းကြောက်ပြီး အလှူအတန်းတွေ မလုပ်ကြတာ။ ဘုရားပွဲတို့ ဘာတို့ဆို အခုဆိုရင် တောက်လျှောက်ပဲ မှာနေတာ။ အခုက ၆၀ ရာခိုင်နှုန်းလောက် ရောင်းရတယ်။ နဂိုက ရာခိုင်နှုန်း အပြည့်ပေါ့။ အခု က ၆၀ ရာခိုင်နှုန်းတော့ ရောင်းရတယ်ပေါ့နော်” ဟု ပြောသည်။

ပုသိမ်ဒေသထွက် ပုသိမ်ထီးကို ယခင်က ရန်ကုန်ဈေးကွက်မှ မှာယူမှု များပြားသော်လည်း လက်ရှိတွင် မော်လမြိုင်မြို့မှ မှာယူမှု ပိုမိုများပြားနေကြောင်း ပုသိမ်ထီးလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။‌