CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၉

မှတ်ပုံတင်လုပ်ဆောင်ရာတွင် သတ်မှတ်ထားသည့် အခကြေးငွေထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကြောင်း နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောသည်။

မှတ်ပုံတင်လုပ်ဆောင်ရာတွင် အသက် ၁၀ နှစ်ပြည့် (သို့) ၁၈ နှစ်ပြည့်အတွက် လျှောက်ထားပါက ၆ ကျပ်၊ အသက် ၁၀ နှစ်ပြည့်မှတ်ပုံတင်မှ ၁၈နှစ်ပြည့်သို့ လဲလှယ်လျှောက်ထားပါက ၃ ကျပ်၊ ပျောက်ဆုံး/ပျက်စီး မိတ္တူ လျှောက်ထားပါက ၁၀ ကျပ်သာ ပေးသွင်းရမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနက သတ်မှတ်ထားသည်။

တိုင်ကြားရာတွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” Facebook Page တွင် လည်းကောင်း၊ တိုင်းနှင့် ပြည်နယ်အလိုက် ဖွင့်ထားသော Facebook Page များတွင်လည်းကောင်း SMS ပေးပို့၍ တိုင်ကြားနိုင်ကြောင်းနှင့် သက်ဆိုင်ရာရုံးများတွင် ချိတ်ဆွဲထားသည့် ဖုန်းနံပါတ်များသို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဝန်ကြီးဌာန က ပြောသည်။

မှတ်ပုံတင် ပျောက်ဆုံး/ပျက်စီးသူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေသည့်အတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ သွားရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။

ရန်ကုန်တွင် အလုပ်လုပ်ရန် နယ်မှတက်လာသည့် ကိုစိုင်းက ၎င်း၏ မှတ်ပုံတင်မှာ ပျောက်ဆုံးသွားသဖြင့် နီးစပ်ရာ လ.ဝ.က ရုံးသို့ သွားလျှောက်သည့်အခါတွင် အဆင်မပြေကြောင်းနှင့် ယခုအချိန်ကာလတွင် နယ်ပြန်၍ မှတ်ပုံတင် လုပ်ဆောင်ရန်မှာလည်း မလွယ်ကူကြောင်း CNI သတင်းဌာနသို့ ပြောသည်။

“မရဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ မင်းက နယ်က အိမ်ထောင်စုဇယားရှိလို့တဲ့။ ဒီမှာ အိမ်ထောင်စုဇယားမရှိလို့ မရဘူးတဲ့ပြောတယ်။ အဲဒါဆိုတော့ ကျနော်တို့က နယ်ပြန်ဖို့လည်း အခက်အခဲရှိတယ် လုပ်ပေးလို့မရဘူးလား ဆိုတော့ ဒါလည်း လုပ်ပေးလို့မရဘူးတဲ့။ဝန်ကြီးဌာနက ပြောတဲ့ဟာလည်း ကျနော်သူတို့ကို ပြတယ်။ အဲ့လို ဝန်ကြီးဌာနကတော့ နီးစပ်ရာ လ.ဝ.က တွေမှာ သွားလုပ်လို့ရတယ်။ ကျနော်တို့ သွားလုပ်ကြည့်တော့ မရဘူးလို့ ပြောလာတယ်။ ဟိုဘက်က သန်ခေါင်စာရင်းထွက်ခိုင်းရအောင်လည်း လူကြီးတွေကလည်း ပေးမထွက်စေချင်ဘူး။ နောက်ပြီးတော့ အခုအင်တာနက်လိုင်းဖြတ်ထားတော့ ဘာမှလည်း အချက်အလက်တွေက ပို့လို့မရဘူး။ အဲဒီလို ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ဧပြီ ၁ ရက်နေ့မှ စတင်ကာ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခို နေထိုင်ရာ နေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် လည်းကောင်း တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်)အား ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း မတ်လ ၅ ရက်က ထုတ်ပြန်ထားသည်။

သို့သော် မှတ်ပုံတင် ပျောက်ဆုံး/ပျက်စီးနေသူများ ခရီးသွားလာသည့်အခါတွင် မည်ကဲ့သို့ အသိမှတ်ပြု စာရွက် စာတမ်း(သို့မဟုတ်) အမှတ်သားကတ် ကိုင်ဆောင်သွားလာ၍ ရနိုင်သလားဆိုသည်ကိုတော့ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဖြေကြားထားခြင်းမရှိပေ။

JJ Express မှ မန်နေဂျာ မကျော့ကျော့သက်က “လက်မှတ်ဖြတ်တာကတော့ တစ်ယောက်ထဲရဲ့ မှတ်ပုံတင်နဲ့ ဖြတ်လို့ရတယ်။ အမတို့ကျတော့ ဟိုးအရင်ကတည်းက အမတို့ဂိတ်မှာ Check In ဝင်ရတယ်ကွာ။ ကားလာစီးမယ် ဆိုရင် အမတို့ဂိတ်ကိုလာတယ်။ လက်မှတ်က ဘယ်မှာပဲဖြတ်ဖြတ် ဖြတ်လို့ရတယ်။ တစ်ယောက်မှတ်ပုံတင်နဲ့ ဖြတ်လို့ရတယ်။ ဒါပေမယ့် ကားလာစီးတဲ့အခါကျရင်တော့ အမတို့က Check In စစ်တယ်လေ။ Check In စစ်တဲ့ အခါကျရင် မှတ်ပုံတင်ပြခိုင်းရတယ်။ မှတ်ပုံတင်ပြပြီးတော့မှ တင်လို့ရတယ်” ဟု CNI သို့ ပြောသည်။

မတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးနေမှုကြောင့် နိုင်ငံသားကတ်(မှတ်ပုံတင်)အစား ထောက်ခံစာများအား ပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ကြောင်း ဖော်ပြထားသည်။ ဒါ့အပြင် နိုင်ငံသားကတ်(မှတ်ပုံတင်) အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါ ကြောင်း အသိပေးအပ်ပါသည်ဟုလည်း ဖော်ပြပါရှိသည်။