CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၉

မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ဖြန့်ဖြူးပေးဝေမှုကို မတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ အချိန်ပိုင်းခြား၍သာ ပေးနိုင်မည်ဖြစ် ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် မီးစက်များ၊ အင်ဗာတာများ၊ ဆိုလာပြားများ ဝယ်ယူမှု မြင့်တက်ခဲ့ကြောင်း အရောင်းဆိုင်များထံမှ သိရသည်။

ထို့နောက် မီးစက်များ ရောင်းချသည့်ဆိုင်များသို့ မတ်လ ၇ ရက်နေ့မှ စတင်ကာ မီးစက်ဝယ်ယူရန် လာရောက်စုံစမ်းမှုများ၊ ဝယ်ယူမှုများ ပြုလုပ်လာသဖြင့် ရောင်းချရမှုနှုန်းသည် မူလထက် ၃ ဆခန့် မြင့်တက်ခဲ့ကြောင်း မီးစက်ရောင်းချသည့် ကုမ္ပဏီ တစ်ခုမှ ဝန်ထမ်းဖြစ်သူ မအိသဉ္ဇာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မီးစက်တွေကလေ ဒီကာလကကျတော့ ဒီရက်ပိုင်းက မီးပျက်မှာနဲ့ ဘာနဲ့ဆိုတော့လေ အဲလို သတင်းထွက်တာနဲ့ဆို မီးစက်တွေက ဒီရက်ပိုင်းက အရောင်းသွက်နေတာရှင့်။ တော်တော်များများကတော့လေ အခုဆိုရင် ကုန်သည် ၁၀ ယောက် ဥပမာပေါ့နော် ၁၀ ယောက် ဆက်မယ်ဆိုလို့ရှိရင် ၈ ယောက်လောက်က မီးစက်မေးတဲ့ ကုန်သည်တွေချည်းပဲ။

ဒီဘက်ကျ တော့ တခြားပစ္စည်းတွေလည်း ရောင်းတယ်လေ။ ဒါပေမယ့် တခြားပစ္စည်းတွေကတော့ လောလောဆယ် အမေးနည်းတယ် ပေါ့နော်။ ဒီရက်ပိုင်းကတော့ မီးစက်က အရောင်းသွက်ဆုံး ဖြစ်နေတာပေါ့။ ပုံမှန်အချိန် ဒီလိုအချိန် ၁၀ လုံး ရောင်းရမယ်ဆိုရင် ဒီလိုအချိန်မှာ ၂ ဆ ၃ ဆလောက် ဖြစ်နေတာပေါ့နော်၊ အဲလိုမျိုးတော့ ဖြစ်သွားတာပေါ့” ဟု ပြောသည်။

ထို့နောက် မီးစက်အပြင် အင်ဗာတာများကိုလည်း ဝယ်ယူလာမှု များပြားလာကြောင်း၊ ထိုသို့ ရောင်းအား ကောင်းလှသဖြင့် ဆိုင်များတွင် ပစ္စည်းပြတ်လပ်သည်အထိ ဖြစ်ကြရကြောင်း သိရသည်။

လျှပ်စစ်မီးပြတ်တောက်

အင်ဗာတာများကို ယခင်က အသုံးပြုသူ နည်းပါးသော်လည်း လက်ရှိတွင် လျှပ်စစ်မီး အချိန်မှန်မရခြင်းနှင့် အချိန်ကြာမြင့်စွာ ပြတ်တောက်နေခြင်းကြောင့် ဝယ်ယူမှု မြင့်တက်လာကြောင်း အင်ဗာတာရောင်းသည့် CHO GYI ဆိုင်မှ ကိုဇေယျာဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကုန်ကြမ်းတွေ ပြတ်လပ်နေတာပေါ့။ အဓိကတော့ အင်ဗာတာတွေက ဒီမှာဆင်မယ်ဆိုရင်တော့ ပစ္စည်းကြမ်းတွေ အကုန်လုံးက တရုတ်ကပဲ လာတာလေ။ အဲတော့ အထဲက ကုန်ကြမ်းတွေလည်း ပြတ်နေတယ်။ သူတို့လည်း ဆင်မရ ပြုမရ ဖြစ်နေကြတာ ပြဿနာက အဲလိုမျိုးတွေပေါ့။ ကျနော်တို့ကကျတော့ တဆင့် ပြန်လည် ဖြန့်ဖြူးရောင်းချပေးတဲ့လူတွေ။ အဲအခါကျတော့ သူတို့ဆီက ပစ္စည်းမထွက်လို့ ကျနော်တို့လည်း ရောင်းစရာမရှိဘူး။ အဲတော့ ဘယ်လိုဖြစ်လဲဆိုတော့ အော်ဒါ တွေ ကြိုပေးထားရတယ်။ ရတော့မှပဲ အမြန်ရောင်းပေးရတယ်။ ပုံမှန်ဆိုရင် အင်ဗာတာ ထုတ်လုပ်တဲ့သူတွေ အကုန်လုံးက မီးအားမြှင့်စက်ပဲ ထုတ်နေကြတာ။ အင်ဗာတာဆိုတာ အရံအနေနဲ့ပဲ မရှိသလောက်၊ ထုတ်ကို မထုတ်သလောက်ပဲ။ အခုကကျ တော့ မဟုတ်တော့ဘူး။ ဘယ်လိုလဲဆိုတော့ အင်ဗာတာဘက်ကိုပဲ သီးသန့် လူအားတွေ ဖြည့်ပြီးတော့ ထုတ်နေကြတယ်။ ဒါပေမယ့် ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှသလို ဖြစ်နေတယ်။ ဝယ်အားက ပိုများနေတယ်”ဟု ပြောသည်။

ထို့အပြင် လျှပ်စစ်မီး မရရှိသည့် နေရာတွင်သာ အသုံးပြုလျှက်ရှိသော ဆိုလာပြားများလည်း လက်ရှိ လျှပ်စစ်မီး ရရှိနေသေး သည့် ရန်ကုန်အပြင် တခြားမြို့ကြီးများတွင်လည်း ဝယ်ယူအသုံးပြုလာကြကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ဆိုလာပြားများ ဝယ်လိုအားသည် ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း၊ ပစ္စည်းပြတ်လပ်မှုများ လည်း ဖြစ်ပေါ်ခဲ့ကြောင်း T & T ဆိုလာရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုချိန်ကတော့ မီးက အကုန်လုံး ပျက်နေတာဆိုတော့ ဆိုလာတွေပဲ အဓိကထားပြီး သုံးနေတယ်ဆိုတော့ အရင်က ထက်စာရင် တော်တော် ရောင်းရပါတယ်ရှင့်။ မီးမပျက်ခင် ကာလနဲ့ဆိုရင်တော့ တော်တော်တော့ ကွာတယ်။ အခုက အရင် တုန်းကဆိုရင် မီးမရတဲ့နေရာတွေပဲ တော်တော်များများ သုံးကြတာလေ။ အခုလို အချိန်မျိုးမှာကျတော့ ပုံမှန်ဆို လျှပ်စစ်ပဲ သုံး ကြတာများတယ်၊ မြို့ပေါ်တွေဆိုရင် အဲဒါတွေကို မသုံးကြဘူး ဒီကလူတွေက။ အခု မီးမလာဘူးဆိုတဲ့ အခါကျတော့ ဒီဥစ္စာပဲ အားကိုးရတော့ အဲဒါပဲ သုံးကြတယ်။ နေရောင်နဲ့ ရတယ်ဆိုတော့။ ၆၀ ရာခိုင်နှုန်းလောက်တက်တယ် (ရောင်းအား)။ အခုက အကုန်လုံး ဝယ်ကြတာလေ။ ပစ္စည်းပြတ်တာတွေတော့ ရှိတာပေါ့။ ပစ္စည်းပြတ်တော့ ဈေးတက်တာပေါ့”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိမှု မကြာခဏ ပြတ်တောက်နေခြင်းနှင့် အချိန်ပိုင်းဖြင့်သာ ရရှိနေခြင်းတို့ကြောင့် လုပ်ငန်းလုပ်ကိုင်သူများအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။

လာမည့် ကာလများတွင် နွေရာသီ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် လျှပ်စစ်မီး ပိုမိုပြတ်တောက်မည်ကို စိုးရိမ်ခြင်း ကြောင့် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မီးစက်များ၊ အင်ဗာတာများနှင့် ဆိုလာပြားများကို ဝယ်ယူလာကြကြောင်း သိရသည်။