CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၀

စက်သုံးဆီစျေးနှုန်းများ အဆမတန် မြင့်တက်လာသည့်အတွက် ရခိုင်ပြည်နယ်တွင်း ပြေးဆွဲနေသည့် ကုန်တင်ယာဉ်များအပြင် ရန်ကုန်သို့ ပြေးဆွဲနေသည့် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများ ထက်ဝက် နီးပါး ရပ်နားထားရကြောင်း သိရသည်။

ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများအနေဖြင့် လက်ရှိတွင် ယာဉ်စီးခများကို ပုံမှန်အတိုင်းသာ ကောက်ခံနေသော်လည်း စက်သုံးဆီဈေးနှုန်း မြင့်တက်သည့်အခြေအနေပေါ်မူတည်၍ ယာဉ်စီးခများကို ၅၀၀၀(ငါးထောင်)ကျပ်မှ ၁၀၀၀၀(တစ်သောင်း)ကျပ်သို့ တိုးမြှင့်ကောက်ခံလာနိုင်ကြောင်း စစ်တွေမြို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးချမ်းအေးက CNI သတင်းဌာနသို့ ပြောသည်။

“ဆီဈေးတက်တော့ နားတဲ့ကားတွေလည်း နားနေကြတာပေါ့နော်။ ဂိတ်တစ်ဂိတ်မှာ ၁၀ စီးရှိရင် ၅ စီး လောက်ပဲ ပြေးရင်လည်း ပြေးနေတာပေါ့။ အဝေးပြေးကားကလည်း ဆီဈေးတက်လာတော့ နားမယ့် အခြေအနေ ပေါ်နေတယ်။ ဈေးနှုန်းတွေကတော့ အတက်အကျ အဲဒီဆီဈေးအပေါ်မှာပဲ မူတည်နေတယ်။ လောလောဆယ်ကတော့ ကားတွေကတော့ မကိုက်ဘူးပေါ့နော်။ ပြေးလက်စနဲ့ သူတို့ ၁၀ ယောက်လိုက်တဲ့ သူရှိတယ်။ ခရီးသည်က အဲလိုဖြစ်နေတယ်။ နောက် တစ်ရက်နှစ်ရက်တော့ ဈေးတွေ တက်လာမယ့် အခြေအနေ ရှိတယ်။ ဥပမာ-ဘယ်လောက်ထိ တက်နိုင်မလဲဆိုတော့ ၅၀၀၀ မှ ၁၀၀၀၀ လောက်အထိကို တက်သွားနိုင်တဲ့ အခြေအနေပေါ့နော်” ဟု ပြောသည်။

စစ်တွေမှ ရန်ကုန်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၁၂ လိုင်းရှိပြီး ယာဉ်အစီးရေ ၁၀၀ ကျော်ရှိသည့် အထဲတွင် လက်ရှိ၌ ထက်ဝက်ခန့် ရပ်နားထားရပြီဖြစ်သည်။

လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းများသည် ၎င်းတို့၏ ဝန်ထမ်းများနှင့် ယာဉ်မောင်းများကို ငဲ့ညှာသော အားဖြင့် ပြေးဆွဲနေရခြင်းဖြစ်ပြီး စက်သုံးဆီဈေးနှုန်း ယခုထက် မြင့်မားလာလျှင် ၎င်းယာဉ်များသည်လည်း ရပ်နားသွားနိုင်ကြောင်း ဦးချမ်းအေးက ဆက်ပြောသည်။

“ဂိတ်တစ်ဂိတ်ရဲ့ ဝန်ထမ်းတွေ၊ ယာဉ်မောင်းတွေ ကားတွေနားသွားရင် သူတို့စားဝတ်နေရေးတွေ အခက်အခဲ ဖြစ်မှာပေါ့နော်။ အဲဒါလေးတွေ ရှိတယ်။ ဒါပေမယ့် ဂိတ်ကြီးတွေအနေနဲ့ အခုလက်ရှိကတော့ ဝန်ထမ်းတွေ စားဝတ်နေရေးအတွက် ကြည့်ပြီးတော့ ပြေးနေရတဲ့ အနေအထားမှာပဲ ရှိတယ်။ ဒီထက် ဆီဈေးတွေ တက်လာရင်တော့ ကားက နားသွားမယ့် အခြေအနေမှာရှိတယ်” ဟု ပြောသည်။


မောင်တောမှ တောင်ပြိုသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများသည်လည်း စက်သုံးဆီဈေးနှုန်း မြင့်တက်မှု ကြောင့် ထက်ဝက်ခန့် ရပ်နားသွားပြီး ကျန်ရှိသည့် ယာဉ်များသည် ဆီဖိုးရရန်အတွက်သာ ရှာဖွေနေရကာ စားဝတ်နေရေးအတွက် ဝင်ငွေမရှိသည့် အခြေအနေဖြစ်နေကြောင်း မောင်တောမှ တောင်ပြိုသို့ ပြေးဆွဲ နေသည့် ယာဉ်မောင်းဖြစ်သူ ကိုမောင်မောင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

“မကျန်ပါဘူး။ ကျနော်တို့ ဆီဖိုးရသလောက်ပဲ။ အရင်တုန်းကလို မဟုတ်ပါဘူး။ ဒီလို လည်ပတ်နေတာ ပေါ့နော်။ ဆီဖိုးထည့်တာနဲ့ တစ်နေ့တစ်နေ့ကို ဘာမှရတာမဟုတ်ဘူး။ ဒီနေ့ထွက်ရင် မနက်ဖြန် မထွက်ဘူး။ ဒီလို အခက်အခဲရှိတဲ့လူတွေကျတော့လည်း ဆီဖိုးရသလောက်နဲ့သွားနေတာ။ အခုက ဆီဖိုးလောက်နဲ့ လည်ပတ်နေတာ။ ဝင်ငွေကျတော့ ကျနော်တို့ ဘာမှ မရှိပါဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် သွားရောက်နိုင်သည့်အတွက် အဝေးပြေးယာဉ်လိုင်းများ အနေဖြင့် ယာဉ်စီးခဈေးနှုန်းများကို တိုးမြှင့်ကောက်ခံပါက လေယာဉ်စီးသည့် ဈေးနှုန်းနှင့် တူညီသွားမည် ဖြစ်ခြင်းကြောင့် တိုးမြှင့်ကောက်ခံရန် ချင့်ချိန်နေရကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများက ပြောသည်။

လက်ရှိပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများအနေဖြင့် အရှုံးခံပြေးဆွဲနေရကာ ယာဉ်ပြင်ဆင်စရိတ်ပင် မရရှိသော အခြေအနေဖြစ်နေပြီး ထိခိုက်နစ်နာမှုများလည်း ရှိနေကြောင်း သိရသည်။