CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၂

မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံသို့ MOU ဖြင့် စေလွှတ်ရာတွင် မြဝတီ-မဲဆောက် လမ်းကြောင်းမှသာ အဓိက စေလွှတ် မည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာအလုပ်သမားများ ကွာရန်တင်းဝင်နိုင်ရန် ကော့သောင်း-ရနောင်းဘက်တွင် လူ ၂၀၀၀ ဆန့် ကွာရင်တင်းစင်တာရှိပြီး မြဝတီ-မဲဆောက်တွင် လူ ၅၀၀ ဆန့် ကွာရန်တင်းစင်တာရှိကြောင်း သိရသည်။

ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက “ဒါပေမယ့် ရနောင်းဘက်က ကျတော့ အစ်မတို့က နည်းနည်းဝေးတယ်လေ။ ကလေးတွေ အတွက်ကလည်း ခရီးစရိတ်လည်း ကုန်တယ်။ ခရီးလည်း ပမ်းတယ်။ ပြီးတော့ နောက် ရေကြောင်းနဲ့ သွားတဲ့အတွက် သိပ် စိတ်မချဘူး။ ဘာလို့ဆို ရေကြောင်းပါတာကိုး။ ဟိုဘက်ကို ဘုတ်စီးရဦးမှာလေ။ များသောအားဖြင့် အေဂျင်စီတွေကတော့ မဲဆောက်ကပဲ သွားဖို့များတယ်။ ရနောင်းဘက်ကကျတော့ ခရီးဝေးတယ်။ နောက်ခါကျတော့ ရေလမ်းခရီးရှိတယ် အဲဒါ ကြောင့်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြဝတီ-မဲဆောက်မှ တစ်ရက်လျှင် အလုပ်သမား ၅၀၀ ခန့် စေလွှတ်မည်ဖြစ်ပြီး တပတ်လျှင် တနင်္လာမှ သောကြောနေ့အထိ ‌စေလွှတ်မည်ဖြစ်ကြောင်း ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက ပြောသည်။

ထို့နောက် ထိုင်းနိုင်ငံသည် MOU ဖြင့် မြန်မာအလုပ်သမားများ ဝင်ရောက်မှုအပေါ် မူတည်ကာ ကွာရန်တင်းစင်တာများ ထပ်မံ တိုးချဲ့သွားမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ မြန်မာ‌အလုပ်သမား သုံးသိန်းခန့် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

MOU နဲ့သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ(Nay Naw)

မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံသို့ MOU ဖြင့် စေလွှတ်ခြင်းကို မတ်လကုန်နှင့် ဧပြီလဆန်းတွင် စတင်စေလွှတ်နိုင်ရန် လုပ်ဆောင်နေကြောင်း၊ လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာနမှ Demand Letter များ လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ထိုင်းကို MOU ဖြင့် သွားရောက်ရန် မြန်မာဘက်မှ အေဂျင်စီများတွင် စာချုပ်ချုပ်ထားသူ အရေအတွက်အား မသိရှိ ရသေးကြောင်း ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက ပြောသည်။

၎င်းက “ဒီ Demand တွေကို လူစုဖို့ မပြောရသေးတဲ့အတွက် အစ်မတို့မှာ တရားဝင် ဘာမှမသိသေးဘူး။ စေလွှတ်ခါနီး စာချုပ် ချုပ်ပြီဆိုရင်တော့ သိရပြီ။ သူတို့က သွားဖို့အတွက် စာချုပ်ချုပ်ပြီဆိုခါနီး အစ်မတို့က သူတို့ လူစုလို့ရပြီဆိုကတည်းက စာချုပ် ကို ဘယ်နေ့မှာ စာချုပ် ဘယ်လောက်ချုပ်မယ် သိရတယ်။ စာချုပ်ချုပ်မယ့် သူတွေက သွားမယ့် သူတွေပေ့ါ။ များတော့များ တယ် (Demand Letter)။ အဲ့ဒါကျတော့ ပြန်ကြည့်မှ သိမယ်။ ပြည့်စုံတဲ့ဟာကိုပဲ လက်ခံတာ။ မပြည့်စုံတဲ့ ဟာကျတော့ လက်မခံဘူး ပြန်ပေးတယ်”ဟု ပြောသည်။

ကွာရန်တင်းဝင်ရန် ကုန်ကျစရိတ်အား ထိုင်းအလုပ်ရှင်ဘက်မှ ပေးဆောင်ရန်ဆိုသည့် အချက်အား အလုပ်သမားဝန်ကြီးဌာန မှ စာချုပ်ချုပ်ရာတွင် ထည့်သွင်းထားပြီး ကုန်ကျစရိတ်အား အလုပ်သမားဘက်မှ တောင်းခံခဲ့သည်ရှိသော် တိုင်ကြားနိုင် ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံကို အလုပ်သမား စေလွှတ်ရန်အတွက် တရားဝင် ခွင့်ပြုထားသည့် လိုင်စင်ရ အေဂျင်စီ အရေအတွက် ၁၁၄ ခု ရှိပြီး လိုင်စင်ရ အေဂျင်စီများအနေဖြင့် ဝန်ဆောင်စရိတ် ကောက်ခံရာတွင် တစ်ဦးကို ယခင်က ငွေကျပ် တစ်သိန်းခွဲ သာ ကောက်ခံသော်လည်း ယခုအခါတွင် ငွေကျပ် သုံးသိန်းကောက်ခံရန် သတ်မှတ်ထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။