CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၄

ကိုဗစ်ရောဂါပိုး တွေ့ရှိမှုနှုန်း မြင့်တက်သည့်အတွက် ကိုရီးယားသို့ Employment Permit System (EPS) စနစ်ဖြင့် အ‌ထွေထွေလုပ်သား စေလွှတ်ခြင်းကို ဖေဖော်ဝါရီလမှ စတင်ကာ ယာယီရပ်နားထားခြင်းဖြစ်သည်။

ယင်းသို့ ယာယီရပ်နားထားသည့် EPS စနစ်ဖြင့် အထွေထွေလုပ်သား စေလွှတ်ခြင်းအား ဧပြီလဆန်းတွင် ပြန်လည် စေလွှတ်ရန် မှန်းထားကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက CNI သတင်းဌာနသို့ ပြောသည်။

“သူတို့ဘက်ကတော့ ဧပြီလဆန်းလောက်လို့ပြောတယ်။ တရားဝင်စာတော့ မရသေးဘူး။ မှန်းတာကတော့ မတ်လ ကုန် ဧပြီလဆန်းလို့ မှန်းထားတယ်။ အခုပိုးတွေ့လို့ အဲ့ဒါကြောင့်ရပ်သွားတာလေ။ ဒီကနေ ၇၂ နာရီအတွင်း စစ်သွားတာကတော့ Negative နဲ့ စစ်သွားတယ်။ လေယာဉ်ပေါ်ရောက်သွားတယ်။ လေယာဉ်က Singapore airline transit နဲ့ သွားရတယ်။ ပြီးတော့ ဟိုဘက်မှာ သူတို့ကွာရန်တင်းဝင်ရတယ်။ အဲ့ကွာရန်တင်းဝင်တဲ့အချိန်မှာ ထပ်စစ်လိုက်တဲ့အခါမှာ အဲ့အထဲမှာ တစ်ဝက်လောက်နီးပါး သုံးအချိုးတစ်လောက်ကို တွေ့ရတယ်” ဟု ပြော သည်။

ယခင်က ကိုရီးယားသို့ EPS စနစ်ဖြင့် သွားရောက်လုပ်ကိုင်မည့် အ‌ထွေထွေလုပ်သားများအနေဖြင့် ရန်ကုန်သို့ လာရောက်ပြီး စာချုပ်ချုပ်ဆိုကာ ၇၂ နာရီအတွင်း ဆေးစစ်ပြီး Negative ဖြစ်သည့်သူများကိုသာ စေလွှတ်ခြင်း ဖြစ်သည်။

ကိုရီးယားနိုင်ငံတွင် ကိုဗစ်ကူးစက်မှုများ မြင့်တက်နေသည့်အတွက် EPS စနစ်ဖြင့် အ‌ထွေထွေလုပ်သားများအား နောက်ဆုံးအသုတ် စေလွှတ်ခဲ့သည့်အချိန်တွင် PPE ဝတ်စုံဖြင့် လာခဲ့ရန်တောင်းဆိုသည့်အတွက် PPE ဝတ်စုံများ ဝတ်ဆင်ကာ စေလွှတ်ခဲ့ပြီး အဲဒီထဲကမှ အယောက် ၂၀ ခန့်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယခုအခါ ကိုရီးယားဘက်မှ တောင်းဆိုလာသည့်အတွက် မိမိစရိတ်ဖြင့်မိမိ သီးသန့်ကွာရန်တင်း ဝင်ရမည် ဖြစ် ကြောင်း ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက ပြောသည်။

“ကွာရန်တင်းပုံစံပေါ့။ ကိုယ့်စရိတ်နဲ့ကိုယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် အနေထိုင်ဆင်ခြင်ခိုင်းတာပေါ့။ လုပ်စရာရှိတဲ့ အလုပ်တွေလုပ်ပြီးပြီ ဆိုတာနဲ့ ၇၂နာရီ ဆေးမစစ်ခင်အတွင်းမှာ သူတို့ကို နောက်ထပ် ဟိုတယ်လို၊ တည်းခိုခန်း လိုဟာမျိုး ကိုယ့်ဘာသာငှားနေပေါ့နော်။ သီးသန့်နေပေါ့။ သီးသန့်နေပြီးတော့ ပထမတစ်ရက်မှာ ကိုယ့်ဘာသာ စစ်ကြည့်။ နောက်တစ်ခါ ၇၂ နာရီကျလည်း စစ်။ အဲဒီလိုမျိုးဆိုပြီးတော့ တောင်းဆိုထားတော့ အဲဒီလိုဟာမျိုး လုပ်ဖို့ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ကိုရီးယားနိုင်ငံသို့ လက်ရှိအချိန်ထိ အထွေထွေလုပ်သား လေးသောင်းကျော်ခန့် စေလွှတ်ထားပြီးဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။