CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၄

ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေမရရှိသဖြင့် မိုးရေကို အားထားကာ မိုးစပါးတစ်ခုတည်းသာ စိုက်ပျိုးနေရသည့် အတွက် တခါတရံ ရာသီဥတုအပြောင်းအလဲကြုံရချိန်တွင် အရင်းမကျန်ခြင်း၊ စိုက်ဧကအပြည့်အဝ မစိုက်ပျိုး နိုင်ခြင်းတို့ ကြုံတွေ့ရကြောင်း သိရသည်။

ရခိုင်တောင်သူများက နွေစပါးနှင့် ဆောင်းသီးနှံပါ စိုက်ပျိုးချင်သော်လည်း ရေမရရှိသဖြင့် မစိုက်ပျိုးနိုင်ကြောင်းနှင့် အစိုးရအနေဖြင့် စိုက်ပျိုးရေရရှိအောင် လုပ်ဆောင်ပေးသင့်ကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂမှ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။

“ရခိုင်တောင်သူတွေကို အစိုးရအနေနဲ့ မိုးစပါးကို ပြည့်ပြည့်ဝဝစိုက်နိုင်အောင် အထောက်အပံ့ ပေးဖို့လိုအပ်တဲ့ အပြင် ဆောင်းသီးနှံတို့ ဒါမှမဟုတ်လည်း နွေစပါးတို့အတွက် အခွင့်အလမ်း ပေးဖို့လိုအပ်တယ်လို့ထင်တယ်။ ကျနော်တို့ဆီမှာ ရေချိုတွေရှိတယ်လေ။ ရေချိုမြစ်ကြီးတွေရှိတယ်။ ကုလားတန်တို့ လေးမြို့တို့။ အဲ့လို တစ်လျှောက်လုံး တစ်ခွင်လုံးကို ကျနော်တို့က ရေတင်စနစ်နဲ့လုပ်ပေးနိုင်မယ်ဆိုရင် အဲဒီအထောက်အပံ့ကို အစိုးရက စီမံပေးနိုင်မယ်ဆိုရင် အတိုင်းတာတစ်ခုထိ ပြေလည်ကြလိမ့်မယ်လို့ထင်တယ်။ ပြီးရင် ကျနော်တို့က ဆောင်းသီးနှံတွေပေါ့နော် ဆောင်းသီးနှံတွေကိုလည်း အထောက်အပံ့ပေးနိုင်ဖို့လိုတယ်။ စိုက်ပျိုးရေရှိမှုကတော့ အဓိကပဲ။ ဥပမာ ဆိုလာစနစ်နဲ့တင်မလား၊ ဒါမှမဟုတ်ရင် စက်နဲ့တင်ပြီးတော့ သိုလှောင်ကန်နဲ့တဆင့်နဲ့သွား မလားပေ့ါ။ အဲဒါက တစ်နိုင်တစ်ပိုင်လုပ်လို့မရဘူး။ တစ်နိုင်တစ်ပိုင်လုပ်မယ်ဆို အဲဒီမြစ်နဲ့အနီးဆုံး နေရာဒေသ တွေ၊ တောင်သူတွေကပဲ လုပ်နိုင်လိမ့်မယ်”ဟု ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံးအတိုင်းတာအရ ယခုနှစ် နွေစပါးစိုက်ပျိုးမှုမှာ ကျောက်တော်မြို့တွင် ဧက ၁၀၀ ခန့်၊ ‌မြောက်ဦးမြို့တွင် ဧက ၁၀၀ ကျော်ခန့်သာရှိကြောင်း သိရသည်။

ဆည်တစ်ဆည်လုပ်သည့်အခါတွင် တိုင်းတာရခြင်း၊ တွက်ချက်ရခြင်း သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ထိခိုက်နိုင်မှုအခြေအနေတို့အား စစ်တမ်းကောက်ယူခြင်းအတွက် အချိန်အများကြီးပေးရသောကြောင့် အခု ရေတွင်းတူး၊ အခုရေချိုရရှိအောင် လုပ်ဆောင်ရန်မှာ ခက်ခဲကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် ရေချိုရနိုင်မည့် နေရာများအား ဦးစားပေး‌ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြော သည်။

ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက “ကျနော်တို့ ‌ကျောက်တော်ရဲ့အထက် နယ်တွေမှာ ရွာတွေအများကြီးရှိပါတယ်။ အဲဒီနေရာမှာကျတော့ ဒီကုလားတန်မြစ်အထက်ပိုင်းက ရေချိုလည်း ရှိတယ်။‌ ရေချိုရှိတဲ့အတွက်ကြောင့် အဲဒီ ရေချိုကို စက်နဲ့စုပ်တင်မယ်ဆိုလို့ရှိရင်တော့ ရေရနိုင်ပါတယ်။ သို့သော် စက်နဲ့စုပ်တင်လို့ ရေရတဲ့အပိုင်းမှာ လျှပ်စစ်ဓာတ်အားရတဲ့နေရာလား။ လျှပ်စစ်ဓာတ်အားမရလို့ ပြည်မလောင်စာဆီကို အမှီပြုရမှာလား။ အဓိက ကတော့ တောင်သူတွေ တွက်ခြေကိုက်မယ့် နည်းလမ်းကို ကျနော်တို့ ရှာပေးရမှာပေါ့။ သည့်အပြင် ရေတိုကာလ ရေရှည်ကာလ ဘာတွေလုပ်ပေးနိုင်မလဲ အစိုးရက။ သက်ဆိုင်ရာ ဆည်မြောင်းနဲ့ ညှိနှိုင်းပြီးတော့ ဒီလိုကာလမှာ ဆည်တွေဘာတွေပိတ်ပြီးတော့ တန်ဖိုးနည်းနည်းနဲ့ လုပ်ပေးနိုင်တာရှိသလား။ ဒါတွေကတော့ ကျနော်တို့ ကျယ် ကျယ်ပြန့်ပြန့် စဉ်းစားရမှာဖြစ်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မိုးစပါးစိုက်ဧက ၁၂ သိန်းဝန်းကျင်ခန့်ရှိသော်လည်း သွင်းအားစုစရိတ်ဈေးမြင့်တက်ခြင်း၊ စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်ခြင်းတို့ကြောင့် စိုက်ဧကများ လျော့ကျလာကာ ဧက ၈ သိန်း အောက်သာ စိုက်နိုင်ကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

ထိုသို့ သွင်းအားစုနှင့် စက်သုံးဆီများဈေးကြီးသဖြင့် တောင်သူများအတွက် တွက်ခြေမကိုက်ကြောင်းနှင့် ရခိုင် ပြည်နယ်မှ ဆန်စပါးများအား အဓိကအားဖြင့် ပြည်တွင်း၌သာ စားသုံးကြပြီး အရည်အသွေးကောင်းမွန်သည့် ဆန်စပါးများကိုသာ ပြည်ပသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။