CNI News

၂၀၂၂ခုနှစ်၊ မတ် ၇

မြန်မာနိုင်ငံတွင် လာမည့် မတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ တစ်ပတ်လုံး လျှပ်စစ်မီးပြတ်တောက်မှာ မဟုတ်ဘဲ ပိုက်လိုင်း ပြင်ချိန်သာ တစ်ပတ်ကြာမည်ဖြစ်ပြီး လျှပ်စစ်မီးကိုတော့ အချိန်ပိုင်းဖြင့် ခွဲဝေဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ CNI သတင်းဌာနသို့ ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက “လျှပ်စစ်မီးက တစ်ပတ်လုံးပျက်မှာ မဟုတ်ပါဘူးခင်ဗျာ။ ပိုက်လိုင်းပြင်ချိန်သာ တစ်ပတ် ကြာမှာပါ။ အချိန်ပိုင်းလိုက် ခွဲပေးမှာပါခင်ဗျာ” ဟု ပြောသည်။

ထိုတစ်ပတ်မှာ ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်(၂)တွင်းမှ သဘာဝ ဓာတ်ငွေ့များအား လက်ရှိ ပိုက်လိုင်းအတွင်းသို့ ထည့်သွင်း ပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် ကြာချိန်သာဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတစ်ဝှမ်း၌ လျှပ်စစ်မီး ပြတ်တောက်နေမှုများကြောင့် ဒေသခံပြည်သူများ အခက်ကြုံလျက်ရှိနေကြောင်း၊ နစက၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၆ ရက်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှု မတ်လ ၁၂ ရက်မှ ၁၈ ရက် အထိ ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ခဲ့ခြင်းကြောင့် ပြည်သူများက ၂၄ နာရီလုံးလုံး တစ်ပတ်တိတိ လျှပ်စစ်ဓာတ်အား မရရှိတော့ဘူးလားဟု မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။

ရုံးဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုဇင်ကိုက“အချိန်နဲ့ပျက်တဲ့ အခါကျတော့ လာတဲ့အချိန်ကိုပဲ အားထားပြီး လုပ်နေရတော့ အဆင်မပြေဘူး။ ကျနော်တို့ ရုံးသွားတဲ့အချိန် ထမင်းချိုင့် ထည့်မယ့်အချိန်မျိုးတွေမှာ မီးပျက်တာမျိုးတွေရှိတဲ့အခါမှာ ကျနော်တို့အနေနဲ့ မထည့်ရဘူးပေါ့။ မထည့်ရတော့ အပြင်မှာဝယ်စားရတာမျိုးရှိတယ်။ အဲဒီတော့ အပိုဝင်ငွေမျိုးတွေ ကုန်တာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ကိုဗစ်ကူးစက်မှုများ၊ နိုင်ငံရေး အခြေအနေတို့ကြောင့် သင်တန်းများအား အွန်လိုင်းမှ တက်ရောက်နေရခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို့ မကြာခဏ မီးပျက်ခြင်းသည် အဆင်မပြေကြောင်း မဟန်နီက ပြောသည်။

၎င်းက “တစ်ခါတစ်ခါ မီးပျက်လို့ရှိရင် ရေတင်ထားတာ မရှိတာမျိုးတွေ ရေအခက်အခဲတော့ ဖြစ်တာပေါ့။ ပုံမှန်အတိုင်းပဲ မီးပြန်လာစေချင်တယ်။ မီးမလာရင်တော့ အကုန်လုံး အဆင်မပြေဘူးပေါ့ အစစအရာရာ။ ပူလို့ရှိရင်လည်းပဲ air cooler တို့ ၊ air corn တို့ ဖွင့်ထားလို့မရဘူး ပန်ကာတို့ဘာတို့ပေါ့။ မီးပျက်နေတော့ မှောင်ကမှောင်နေတယ် လမ်းမှာဆိုလည်း မီးပျက်နေ တော့ လမ်းမီးတွေ ဘာတွေမရှိတော့ သွားရလာရတာ အဆင်မပြေဘူးလေ။ အခုရက်ပိုင်းက ခိုးတာတွေ လုတာတွေ ယက်တာတွေ တအားဖြစ်နေတော့လေ”ဟု ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်ဓာတ်ငွေ့ စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန်စီမံ ကိန်းများနှင့် ကုန်တွင်းဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ ဖြင့် ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရွှေကမ်းလွန်စီမံကိန်းမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင် ၁၃၀ သန်းကို အသုံးပြု၍ ဓာတ်အား ၆၆၈ မဂ္ဂါဝပ် ခန့်ကို ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။

ရွှေကမ်းလွန်သဘာဝ ဓာတ်ငွေ့စီမံကိန်းရှိ တွင်းအသစ်မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့အား ရယူသုံးစွဲနိုင်ရေးအတွက် ပိုက်လိုင်းအသစ် ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အချို့နေရာများတွင် ၂၄ နာရီ ဝန်အားလျှော့ချခြင်း များ ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။