CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၆

ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်(၂)တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိ ပိုက်လိုင်း အတွင်း သို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက် ပိုက်လိုင်းဆက်သွယ်ခြင်းလုပ်ငန်းများကို မတ်လ ၁၂ ရက်မှ ၁၈ ရက်ထိ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လျှပ်စစ်ဖြန့်ဝေမှု တစ်ပတ်ရပ်ထားမည်ဟု နစက-က ယနေ့(မတ်လ ၆ ရက်) ထုတ်ပြန် ကြေညာခဲ့သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန်စီမံ ကိန်းများနှင့် ကုန်တွင်းဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ ဖြင့် ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ လက်ရှိ အချိန် တွင် ရွှေကမ်းလွန်စီမံကိန်းမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင် ၁၃၀ သန်းကို အသုံးပြု၍ ဓာတ်အား ၆၆၈ မဂ္ဂါဝပ် ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နစက-က “ယခုအခါ ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံ တူးဖော်တွေ့ရှိသော တွင်းသစ်(၂)တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိ ပိုက်လိုင်းအတွင်းသို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းများကို မတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ဆောင်ရွက်ရမည်ဖြစ်ပါသောကြောင့် ထိုသို့ ဆောင်ရွက်နေစဉ်အတွင်း ထုတ်လုပ်မှုကို ရပ်ဆိုင်း ထားရှိသော်လည်း ပိုက်လိုင်းအတွင်း ကျန်ရှိနေသော ရွှေသဘာဝ ဓာတ်ငွေ့ကို အသုံးပြု၍ စုစုပေါင်း ဓာတ်အား ၃၃၄ မဂ္ဂါဝပ် ခန့်သာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ဖြန့်ဖြူးနိုင်တော့မည်ဖြစ်ပါသည်”ဟု ပြောသည်။

ထို့ကြောင့် ရွှေကမ်းလွန်သဘာဝ ဓာတ်ငွေ့စီမံကိန်းရှိ တွင်းအသစ်မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့အား ရယူသုံးစွဲနိုင်ရေး ပိုက်လိုင်းအသစ် ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ထပ်မံလျော့နည်းသွားမည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၃၃၄ မဂ္ဂါဝပ်ခန့် အပါအဝင် စုစုပေါင်း လျော့နည်းသွားမည့် ၁၃၀၄ မဂ္ဂါဝပ်ခန့်အတွက် ဝန်အား ထိန်းညှိမှုအရ အချို့သော နေရာများတွင် ၂၄ နာရီဝန်အားလျှော့ချခြင်းများအား ဆက်လက် ဆောင်ရွကသွားရမည်ဖြစ်သောကြောင့် ပြည်သူ လူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့်လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စီမံကိန်း သစ်များကို လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးပန်ကြားအပ်ပါသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။