CNI International News

ကိုလံဘို၊ မတ်လ ၄

မတ်လ ၅ ရက် (မနက်ဖြန်)မှစ၍ လျှပ်စစ်မီးပြတ်တောက်မှု လုံးဝရှိတော့မည် မဟုတ်ကြောင်း သီရိလင်္ကာနိုင်ငံ၊ သမ္မတရုံး၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရကြောင်း ရိုက်တာသတင်းကို ကိုးကားလျက် အယ်လ်ဂျာဇီးယား ဝက်ဘ်ဆိုက်၌ ဖော်ပြထား သည်။

အဆိုပါ ထုတ်ပြန်ချက်သည် မတ်လ ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တောင်အာရှဒေသရှိ ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ် သော သီရိလင်္ကာတွင် လျှပ်စစ်ဓာတ်အား ပေးလွှတ်နိုင်မှု အခြေအနေမှာ ယခင်သီတင်းပတ် ဖေဖော်ဝါရီ ၂၆ ရက်အထိ မည်သို့ စီစဉ်ခဲ့ကြောင်း ထုတ်ပြန်ချက်ထဲ၌ အသေးစိတ် မရေးသားထားပေ။

ပြီးခဲ့သည့်လ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် သီရိလင်္ကာနိုင်ငံအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်များ ရှည်လျားစွာ တန်းစီစောင့်ဆိုင်းခဲ့ကြရသည်။

“အခု မတ်လ ၅ ရက်ကစပြီးတော့ လျှပ်စစ်မီး မပြတ်တော့ပါဘူး။ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဓာတ်ဆီဆိုင်တွေ အားလုံးကို လောင်စာဆီ ဖြန့်ဖြူးမှု မနက်ဖြန်ကစပြီးတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်” ဟု သမ္မတ ဂိုတာဘာရာဂျာပါစကာ၏ ရုံးမှ ထုတ်ပြန်ထားသည်။

သီရိလင်္ကာနိုင်ငံတွင် လက်ရှိအခြေအနေ၌ ဒီဇယ်နှင့်ဓာတ်ဆီရရှိရေး တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် လိုအပ် သော်လည်း ဆီတန်ချိန် ၃၇၀၀ တင်သွင်းနိုင်ရေးအတွက် ဒေါ်လာ ၃၁ သန်း ကာမိစေရန် ကြိုးစားနေရသဖြင့် ယခင် သီတင်း ပတ်၌ နိုင်ငံအနှံ့အပြား လျှပ်စစ်မီး ဖြတ်တောက်ခဲ့ရသည်။

သီရိလင်္ကာနိုင်ငံသား တစ်ဦးကိုတွေ့ရစဉ်(Reuters)

စွမ်းအင်ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးထံသို့ လောင်စာဆီသုံး ဓာတ်အားပေး စက်ရုံများအတွက် အစိုးရထောက်ပံ့ မှု အနေအထား မည်သို့စီစဉ်ထားကြောင်း ရိုက်တာသတင်းဌာနက အီးမေးလ်ဖြင့် မေးမြန်းခဲ့ရာ လတ်တလော တုံ့ပြန်ဖြေ ကြားခြင်း မရှိပေ။

သီရိလင်္ကာဗဟိုဘဏ်သည် လောင်စီတင်သွင်းရေးအတွက် ဘဏ္ဍာငွေ အသုံးစရိတ် ထုတ်ပေးခြင်းကို ရပ်တန့်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထိပ်တန်း သတင်းရင်းမြစ်နှစ်ခုက အယ်လ်ဂျာဇီးယားသို့ ပြောသည်။

ပြည်တွင်း လျှပ်စစ်ဓာတ်အား၏ သုံးပုံတစ်ပုံနီးပါးကို ရေနံစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်ပေးနေပြီး အလားတူ ပမာဏကို ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ်တို့မှ ရရှိကြောင်း သီရိလင်္ကာအစိုးရပိုင် ဆေလွန်လျှပ်စစ် ဓာတ်အားပေးရေးဘုတ်အဖွဲ့ (CEB)၏ အဆိုအရ သိရသည်။

အစိုးရပိုင် လင်္ကာကျောက်မီးသွေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ နာမယ်ဟီဝိတ်က “ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံအတွက် လုံလောက်သော ကျောက်မီးသွေးများ ရှိနေကြောင်း” ပြောကြားခဲ့သည်။

အဆိုပါ လင်္ကာကျောက်မီးသွေးလုပ်ငန်းသည် ယမန်နှစ် စက်တင်ဘာလတွင် ကျောက်မီးသွေးတန်ချိန် ၁ ဒသမ ၈ သန်း အတွက် တင်ဒါခေါ်ယူခဲ့ပြီး တောင်အာဖရိကမှ သင်္ဘောအစင်း ၃၀ စာနှင့် ရုရှားမှ သင်္ဘော ၈ စင်းစာ တင်သွင်းခဲ့သည်။

လာမည့်ရက်ပိုင်းအတွင်း တောင်အာဖရိကမှ မှာယူထားသော ကျောက်မီးသွေးတန်ချိန် ၄၈၀,၀၀၀ မှာ သီရိလင်္ကာ ဆိပ်ကမ်း များဆီသို့ ရောက်ရှိလာမည်ဟု မျှော်လင့်ရသည်။


Source: Reuters, Aljazeera