CNI News

၂၀၂၂ ခုနှစ်၊ မတ် ၄

စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်သဖြင့် နိုင်ငံတော်မှ အရံလောင်စာဆီများအား သိုလှောင်ထားရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် ရုရှား-ယူကရိန်း အရေးအပြင် ရေရှည်တွင်လည်း စက်သုံးဆီမှာ ရှားပါးလာနိုင်သည့် အတွက် နိုင်ငံတော်အနေဖြင့် စက်သုံးဆီအစားထိုး လောင်စာသုံးစွဲရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာစိုးထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာစိုးထွန်းက “ရုရှားနဲ့ ယူကရိန်းစစ်ပွဲကြောင့် တစ်ကတော့ စက်သုံးဆီတွေဈေးတက်လာတယ်။ နောက် ဒုတိယတစ်ချက်ကတော့ US ဒေါ်လာဈေးတက်တာပေါ့။ အဲ့နှစ်ချက်ကြောင့် လက်ရှိ ပြည်တွင်းမှာလည်း စက်သုံး ဆီတွေ ဈေးတက်တယ်။ တက်တဲ့အခါကျတော့ ကျနော်တို့ သယ်ယူပို့ဆောင်တဲ့နေရာမှာ စက်သုံးဆီကို အဓိက ထားပြီးသုံးတာလေ။ စက်သုံးဆီဈေးတက်တော့ ကျန်တဲ့ကုန်ဈေးနှုန်းတွေပါ တက်လာတာပေါ့။ ကျနော်တို့ဆီက တော့ စက်သုံးဆီကို လောင်စာဆီကိုအခြေခံတဲ့ဟာကနေပြီး တခြားနည်းလမ်းတွေရှာဖို့ လိုမယ်လို့တော့ ကျနော် တို့မြင်တယ်။ ဒုတိယတစ်ချက်ကတော့ ကျနော်တို့ဆီမှာ အခုလက်ရှိက ဘာဖြစ်နေလဲဆိုရင် မီးပျက်တဲ့ဟာ ဖြစ်နေ တယ်ပေါ့။ လျှပ်စစ်မီးပျက်တော့ လုပ်ငန်းတွေ ရုံးတွေမှာ စက်သုံးဆီကို ပိုပြီးတော့မှ သုံးစွဲရတယ်လေ။ ဒါလည်း ကျနော်တို့အနေနဲ့ ဒီ တစ်ချက်တော့ပါတယ်။ မီးမပျက်အောင်လည်း ဆောင်ရွက်ပေးဖို့ လိုတယ်ဆိုတဲ့တစ်ချက် တော့ လိုမြဲလိုတာပေါ့” ဟု ပြောသည်။

ယနေ့(မတ် ၄ ရက်) စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ၂၀၂၅ ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၀၃၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၂၀၁၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၂၀၆၅ ကျပ် ပေါက်ဈေးရှိနေကာ ပြည်နယ်နှင့်တိုင်းဒေသကြီးပေါ်မူတည်ကာ ဈေးကွာဟချက်များလည်း ရှိသည်။

နိုင်ငံတော်အနေဖြင့် လောင်စာဆီပြတ်တောက်မှုများဖြစ်ပေါ်လာပါက မိမိပြည်တွင်းတွင် စက်သုံးဆီထုတ်လုပ်၍ ရနိုင်၊ မရနိုင်အား ထည့်သွင်းစဉ်းစားထားရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးသီဟပိုင်က သုံးသပ်သည်။

ဦးသီဟပိုင်က“ဆုံးရှုံးမှုက ကျနော်တို့နိုင်ငံမှာ သိပ်တိုးတက်သေးတာမဟုတ်ဘူး။ သူများနိုင်ငံတွေလိုမျိုး လောင်စာ ဆီရှိမှ မရှိမှတို့ အဲ့လိုမျိုးမဟုတ်သေးတဲ့အခြေအနေဆိုတော့ နည်းနည်းတော့ သိပ်တော့ နိုင်ငံကြီးတွေလောက် တော့ မခံရနိုင်ဘူးပေါ့။ ပြင်ဆင်သင့်တဲ့ဟာကတော့ ရေရှည်မှာ ဈေးကွက်ကို ကျနော်တို့ဖြန့်နိုင်သလောက် ဖြန့်ပေါ့။ လောင်စာဆီရှားပါးတာနဲ့အမျှ ကုန်‌ဈေးနှုန်းက တက်လာမှာပဲ။ ကုန်ဈေးနှုန်းတက်လာပြီဆိုတာနဲ့ market က ဟသွားတာလေ။ တချို့ ဥပမာ-ကောက်ပဲသီးနှံဈေးကွက်ပဲဖြစ်ဖြစ်၊ သတ္တု market တွေပဲဖြစ်ဖြစ် ဟသွားတဲ့ အချိန်မှာ ကျနော်တို့က ဒီဈေးကွက်ကို အရယူနိုင်မယ်ဆိုရင် နိုင်ငံအတွက်တော့ ကောင်းတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် စက်သုံးဆီဈေးနှုန်းမှာ တရွေ့ရွေ့ မြင့်တက်နေပြီး ထိုသို့ မြင့်တက်နေခြင်းမှာလည်း ပြည်တွင်းတွင် သုံးစွဲမှုကြောင့်မဟုတ်ဘဲ ဝယ်ယူသိုလှောင်ထားမှုများကြောင့်ဖြစ်ကြောင်းနှင့် လက်ရှိဈေးတက်နေမှုမှာ သိပ် မသိသာသေးကြောင်း ၎င်းက ဆက်ပြောသည်။
စက်သုံးဆီဈေးများ တနေ့ထက်တနေ့ မြင့်တက်လာနေမှုနှင့်အတူ လက်ရှိတွင် အခြေခံစားသောက်ကုန်ဈေးနှုန်း များ မြင့်တက်ခြင်းနှင့်လည်း ကြုံတွေ့နေရသည်။