CNI News
၂၀၂၁ ခုနှစ်၊ဩဂုတ် ၅
အင်ဒိုနီးရှားနိုင်ငံသည် ကပ်ရောဂါကြောင့် ကန့်သတ်ခံထားရသော ၎င်း၏စီးပွားရေးကို လာမည့် စက်တင်ဘာလတွင် ဖြည်းဖြည်းချင်း ပြန်လည်ဖယ်ရှားဖြေလျော့ပေးရန် ရည်ရွယ်ထားကြောင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ဩဂုတ် ၂ ရက်၌ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတစ်ပုဒ်ကို ကိုးကားလျက် todayonline.com ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။
ကူးစက်နှုန်း အလွန်မြန်သည့် Delta အသွင်ပြောင်းပိုးကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့်လက ဆေးရုံများ လူနာများ ပြည့်လျှံခဲ့ပြီး COVID-19 ကြောင့် သေဆုံးမှုစံချိန်တင်အောင် အလွန်အမင်းများပြားခဲ့သည်။
ဓါတ်ပုံ - The Guardian)
သို့သော် အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီး ဘူဒီဂနာဒီစဒီကင်က “ရောဂါကူးစက်မှုလှိုင်းသည် အမြင့်ဆုံးအထိ တက်ခဲ့ပြီးနောက် နေ့စဉ်အတည်ပြုလူနာဦးရေ ပြန်လည်ကျဆင်းလာကြောင်း” ဩဂုတ် ၂ ရက်က ပြောကြား ခဲ့သည်။
အင်ဒိုနီးရှားအာဏာပိုင်များက ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှစ၍ သွားလာမှုများကို ကန့်သတ်ခဲ့ပြီး အလွန် တင်းကျပ်သည့် အဆင့် ၄ ကန့်သတ်ချက်များကို ဂျာဗား၊ ဘာလီနှင့် အခြားမြို့အချို့တွင် ချမှတ်ကြောင်း ကြေညာခဲ့သည်။
(ဓါတ်ပုံ - AFP)
ဂျကာတာမြို့တော်ရှိ အပန်းဖြေအနားယူမှုနှင့်ဆက်စပ်သည့် လုပ်ငန်းများအပေါ် မည်သို့ဆက်လက် ကိုင်တွယ်မည့်အကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အာဏာပိုင်များအနေဖြင့် စက်တင်ဘာလတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်ပေးရန် ရည်ရွယ်ထားကြောင်း ကူးစက်မှုထိန်းချုပ်ရေးတာဝန်ယူထားသည့် ဝန်ကြီးတစ်ဦးဖြစ်သူ မစ္စတာ လူဟက်ပန်ဂျိုင်တန်က ပြောသည်။
စီးပွားရေး ပြန်လည်ဖွင့်လှစ်ရေးမှာ ကာကွယ်ဆေးထိုးခြင်း၊ တိုးတက်မှုအခြေအနေ စမ်းသပ်ခြင်း၊ ရောဂါသည် ခြေရာခံခြင်းနှင့် ကုသပေးခြင်းတို့အပေါ် မူတည်ကြောင်း မစ္စတာလူဟက်က ပြောသည်။
(ဓါတ်ပုံ - Reuters)
အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသားကာကွယ်ဆေးထိုးရေးအစီအစဉ်ကို ပြီးခဲ့သည့် ဇန်နဝါရီလက စတင်ခဲ့သော်လည်း ထောက်ပံ့ပို့ဆောင်ရေးကန့်သတ်ထားရခြင်းနှင့် ကာကွယ်ဆေး ချက်ချင်းမရခြင်းတို့ကြောင့် ယင်းအစီအစဉ် ပျက်ပြားသွားခဲ့ရသည်။
ရည်မှန်းထားသည့် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းအောက်သာ ကာကွယ်ဆေးအပြည့်အဝထိုးနှံနိုင်ခဲ့ကြောင်း အင်ဒိုကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
(ဓါတ်ပုံ - AP)
အိန္ဒိယနိုင်ငံတွင် ပထမဆုံးစတင်ဖြစ်ပွားခဲ့သော COVID အသွင်ပြောင်း Delta ပိုးပျံ့နှံ့မှုကြောင့် အင်ဒိုနီးရှားတွင် မကြာသေးမီ ရက်သတ္တပတ်များက အတည်ပြုဖြစ်ပွားသူ စံချိန်တင်များပြားခဲ့သည်။
Source: Reuters, todayonline.com
#COVID-19
#Indonesia
#Business
#Java
#September
#CNINews
#CNIMyanmar
#ChannelNewsIndependent