CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၆

ကိုဗစ်တတိယလှိုင်း ကူးစက်မှုအရှိန်မြင့်တက်လာခြင်းကြောင့် လုပ်ငန်းများနှင့် စက်ရုံများ ပိတ်သိမ်းလာရခြင်း၊ အလုပ်သမားများ မိမိဇာတိမြေသို့ ပြန်ရခြင်းများ ရှိလာသည့်အပြင် ဇူလိုင်လအတွင်း မြန်မာ့ကုန်ထုတ်လုပ်မှုများ တစ်ဟုန်ထိုး ကျဆင်းလာကြောင်း IHS Markit စစ်တမ်းက ဖော်ပြထားသည်။

ကုန်ပစ္စည်း ထုတ်လုပ်မှု၊ အော်ဒါအသစ်များ၊ ဝယ်ယူမှုများ၊ အလုပ်နေရာများနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်းများ အားလုံးသည် ဇူလိုင်လအတွင်း ပိုမြန်သည့်နှုန်းများဖြင့် ကျဆင်းခဲ့ပြီး ယင်းကျဆင်းမှုသည် စစ်တမ်း၏ သမိုင်းထဲတွင် အများဆုံး ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဇူလိုင်လအတွင်း ကုန်ကျစရိတ်များ၏ ငွေကြေးဖောင်းပွမှုမှာ ပြီးခဲ့သည့် ဇွန်လတွင် မြင်ခဲ့ရသည်ထက် သိသိသာသာ လျော့နည်းသွားသည့်တိုင်အောင် အားကောင်းနေဆဲ အဆင့်တွင် ရှိနေပြီး ကုန်ကြမ်းရှားပါးမှုနှင့် ငွေလဲနှုန်း၊ ဈေးကစားမှု အခြေအနေများက ပို၍ ဆိုးရွားလာသည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါ IHS Markit စစ်တမ်းတွင် ပါဝင်ဖြေကြားသည့် ထွက်ကုန်ဝယ်ယူရေး မန်နေဂျာများက ဖြေကြားရာတွင်လည်း ကိုဗစ်-၁၉ ကူးစက်မှုများတိုးလာခြင်းကြောင့် စက်ရုံနှင့် လုပ်ငန်းများ ပိတ်သိမ်းလာနေရခြင်း၊ မတ်လမှ စတင်ပြီး အရှိန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကျဆင်းနေခြင်းနှင့် လက်ရှိအထိ ဆက်တိုက် ကျဆင်းမှုအစဉ်ကို ပြသနေကြောင်း ဖြေကြားထားသည်ကို စစ်တမ်းတွင်တွေ့ရသည်။

ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် အဓိက အကျဆုံး IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ဇွန်လ၏ ၄၁ ဒသမ ၅ မှ ဇူလိုင်လတွင် ၃၃ ဒသမ ၅ သို့ ထိုးကျသွားခြင်းမှာ လုပ်ငန်း အခြေအနေများ ဆယ့်တစ်လ ဆက်တိုက် ကျဆင်းမှုကို ညွှန်ပြနေပြီး ကျဆင်းမှု နှုန်းမှာ သုံးလအတွင်း စံချိန်တင် ဖြစ်လာကြောင်း သိရသည်။

သို့သော် လာမည့် ၁၂ လ အတွင်း လုပ်ငန်းများတိုးပြီး ထုတ်လုပ်လာနိုင်မည်ဟု ကုမ္ပဏီများက ယုံကြည်မြဲ ယုံကြည်နေကြ သော်လည်း အကောင်းမြင်မှု အဆင့်အတန်းမှာ စစ် တမ်း၏ ရေရှည် ပျမ်းမျှနှင့်စာလျှင် သိသာစွာ နိမ့်ကျနေဆဲဖြစ်သည်ဟု စစ်တမ်းတွင်ပါရှိပါသည်။

IHS Markit မှ စီးပွားရေး ပညာရှင် Shreeya Patel က "အခုနှစ်ရဲ့ ဒုတိယနှစ်ဝက်က မြန်မာ့နိုင်ငံရဲ့ ထုတ်လုပ်မှုကဏ္ဍထဲက လုပ်ကိုင်နိုင်မှု အခြေအနေတွေကို တစ်ဟုန်ထိုး ကျဆင်းစေတယ်။ ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ ကူးစက်မှုတွေက စစ်အာဏာသိမ်းတာကြောင့် ရင်ဆိုင်ရတဲ့ ပြင်းထန်တဲ့ ကျရှုံးမှုတွေကို ခြေကုပ်အချို့ ပြန်ယူနေရုံသာရှိတဲ့ အချိန်မှာ ကျဆင်းမှု နယ်ပယ်ထဲ ထိုးချပစ်လိုက်တယ်"ဟု သုံးသပ်ထားသည်။

စက်ရုံများနှင့် လုပ်ငန်းများ ပိတ်နေရခြင်းနှင့် အလုပ်သမားများ မိမိတို့ ဇာတိနေရပ်များသို့ ပြန်သွားနေရခြင်းမှာ အားလုံးက ထောက်ပြနေကြသည့် အကြောင်းအရာများဖြစ်ပြီး ထုတ်လုပ်မှုဆိုင်ရာ တောင်းဆိုမှုများ နိမ့်ကျလာခြင်းနှင့် မရေရာသည့် အနာဂတ်ကြောင့် ကုမ္ပဏီများသည် လက်ကျန်စာရင်းများ တိုးရန်ကိုပင် လက်တွန့်လာကြသည့် အခြေအနေရှိနေကြောင်း ၎င်းက ပြောသည်။

စစ်တပ်မှ အာဏာသိမ်းခဲ့ခြင်းနှင့် ကိုဗစ်-၁၉ ရိုက်ခတ်မှုတို့ကြောင့် မြန်မာ့ စီးပွားရေးလုပ်ငန်းများအတွက် နောက်ထပ် စိန်ခေါ်မှုကာလကို ဖန်တီးပေးမှာဖြစ်သော်လည်း ကာ ကွယ်ဆေးထိုးမှုကို ဦးစားပေး အားထုတ်နိုင်လျှင် အနာဂတ်ရောဂါ ဖြစ်ပွားမှုများမှ ကာကွယ်ပေးနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွက် ဒိုင်းကြီးသဖွယ် ဖြစ်လာပါမည်ဟုလည်း Shreeya Patel က ပြောကြားထားသည်။

ဆက်လက်၍ စစ်တမ်းတွင် ဖော်ပြထားသည်မှာ ဈေးနှုန်းများကို လေ့လာကြည့်လျှင်လည်း ကုန်ကြမ်း ရှားပါးမှုများနှင့် ဒေါ်လာလဲလှယ်နှုန်းများ ဆိုးရွားလာမှုက ကုန်ကျစရိတ် ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုကို သိသိသာသာမြင့်တက် လာစေသည်ဟု တွေ့ရသည်။

အထက်ပါ စစ်တမ်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက “စီးပွားရေးနဲ့ ပတ်သက်လို့ကတော့ ကျဆင်းနေတာက လက်ရှိ ကိုဗစ်ရောဂါကူးစက်မှုပြင်းထန်နေတဲ့ ကာလဖြစ်တဲ့အတွက် လူတွေက စီးပွားရေးထက် ကိုယ့်ရဲ့ ကျန်းမာရေးကို ဦးစားပေးပြီး လုပ်ကြတာပေါ့နော်။ နောက်တစ်ခုကလည်း ကုန်ထုတ်လုပ်ငန်းတွေမှာက ဝန်ထမ်းတွေက ကူးစက်မှုတွေ ဖြစ်နေတော့ တစ်ချို့ကျတော့လည်း လုပ်ငန်းခွင်ကို မလာနိုင်တာလည်း ရှိသလို မလာရဲတာလည်း ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ ကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေးက အထိုက်အလျှောက်တော့ ကျမယ်ဆိုက ရှိမှာပါ”ဟု လက်ရှိ စီးပွားရေး အခြေအနေနှင့် ပတ်သက်ပြီး CNI သတင်းဌာနသို့ ပြောကြားသည်။

သို့သော်လည်း လက်ရှိအရေးကြီးနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားနေမှုနူန်းကို အကောင်းဆုံးထိန်းချုပ်ပြီး ယခုကာလ ကို ဖြတ်ကျော်နိုင်ရန် ဦးစားပေး လုပ်ဆောင်ရန် လိုအပ်နေကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “အဲ့ဒါပြီးသွားရင်တော့ စီးပွားရေး ပြန်လည်နိုးထဖို့အတွက် ကိုဗစ်-၁၉ ကို ကျွန်တော်တို့ ကျော်လွှားဖို့ ရင်ဆိုင်နေတဲ့ အချိန်အတွင်းမှာပဲ ကိုဗစ်ကာလအပြီးမှာ စီးပွားရေးကို တစ်ပြိုင်ထဲ ဘာလုပ်မလဲဆိုတာ အခုကတည်းက ပြင်ဆင်ထားဖို့ လိုပါတယ်”ဟု သုံးသပ်ပြောပြသည်။