CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၆
ပုဂ္ဂလိက ဆေးဝါးလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတကာ နှင့် အာရှဒေသတွင်း ထိုးနှံဆောင်ရွက်နေသော အရည်အသွေး အာနိသင်ရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မိမိတို့အစီစဉ်နှင့် တင်သွင်းဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်လိုပါက သတ်မှတ်အထောက်အထားများဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) သို့ လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်တွင်း၌ တင်သွင်းဖြန့်ဖြူးရောင်းချခွင့် ရရှိသော ဆေးဝါး လုပ်ငန်းရှင်များ အနေနှင့် အမျိုးသားဆေးဝါးဥပဒေ အမိန့်ကြေညာစာပါ စည်းကမ်းချက်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားအလိုက် သတ်မှတ်ထားသော အအေးလမ်းကြောင်း စနစ်ကို တိကျစွာ လိုက်နာခြင်း၊ ဖြန့်ဖြူးရောင်းချမည့် ဝန်ထမ်းများကို လိုအပ်သော သင်တန်းများ ပေးခြင်း၊ အအေးခန်းရေခဲသေတ္တာများ တပ်ဆင်ခြင်း အစရှိသည့် အချက်များကို တိကျစွာ လိုက်နာဆောင်ရွက် ရမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကာကွယ်ဆေး ထိုးနှံပြီးနောက် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ စောင့်ကြပ်ကြည့်ရှု သတင်းပို့ခြင်း၊ (Adverse Event Following Immunization Surveillance) ကို ကျန်းမာရေးဝန်ကြီးဌာနသို့ သတင်းပေးပို့စနစ်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေနှင့် ကိုဗစ်-၁၉ ကုသရေးအတွက် လိုအပ်သော Remdesivir injection တစ်ကြိမ်တင်သွင်းခြင်းကို One Time Importation permit ထုတ်ပေးရာတွင် မူရင်းကုမ္ပဏီနှင့် ထုတ်လုပ်ခွင့် သဘောတူညီချက် ရရှိထားခြင်း၊ မူရင်းထုတ်လုပ်သည့် နိုင်ငံ၏ မှတ်ပုံစာရင်းပါရှိခြင်း၊ FDA Myanmar တွင်မှတ်ပုံတင် လျှောက်ထားပြီ Preview ရရှိထားခြင်းနှင့် အမျိုးသားဆေးဝါး ဥပဒေအရ ဆေးဝါးတင်သွင်းမည့် သူသည်ကောင်းမွန်သော ဆေးဝါးသိုလှောင်ဖြန့်ဖြူးမှုစနစ်နှင့် ပြည့်စုံမှုရှိပြီး DICA တွင် ကုမ္ပဏီမှတ်ပုံတင် ထားဖြစ်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် အသင်းအဖွဲ့၊ အခြားကုမ္ပဏီလုပ်ငန်းများအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ ညီနောင် ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း နှင့် ပူးပေါင်းဆောင်ရွက် ညှိနိူင်းလျှောက်ထားသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)
#ကိုဗစ်-၁၉
#ကျန်းမာရေးဝန်ကြီးဌာန
#ဆေးဝါးလုပ်ငန်းရှင်များ
#CNI myanmar
#ChannelNewsIndependent