Covid-19 ကြောင့် နာဂလန်းပြည်နယ်စီးပွားရေး ရူပီး ၁၀၁၃.၁၁ ကုဋေ ကျဆင်းသွား
CNI News
ကိုဟီမား (နာဂ) ဩဂုတ် ၇
နာဂလန်းပြည်နယ်၏ဝင်ငွေသည် Covid-19 ကပ်ရောဂါကြောင့် ၂၀၂၀-၂၁ ခုနှစ်အတွင်း ရူပီး ၁၀၁၃ ဒသမ ၁၁ ကုဋေသို့ ကျဆင်းသွားကြောင်း ပြည်နယ်ဝန်ကြီးချုပ် Neiphiu Rio က လွှတ်တော်သို့ အသိပေးခဲ့သည်။
နာဂဒေသ စီးပွားရေး ပြန်လည်နာလန်ထမှုနှင့် စပ်လျဉ်းပြီး အရေးပေါ် လူထုအရေးကိစ္စ ဆွေးနွေးချက်အပေါ် နိဂုံးချုပ် အမှာ စကား ပြောကြားစဉ် ပြည်နယ်ဝန်ကြီးချုပ်က Covid-19 ကြောင့် နှောင့်နှေးခဲ့ရမှုများကို ထည့်သွင်း ရှင်းပြသွားခဲ့သည်။
တစ်ကမ္ဘာလုံးနှင့် အိန္ဒိယအမျိုးသားအဆင့် စီးပွားရေးလုပ်ငန်းများ ယခုကာလအတွင်း ကျဆင်းသွားစေခဲ့သည့် ပိတ်ဆို့ ကန့်သတ်မှုများ၏ သက်ရောက်မှုကို နာဂလန်းပြည်နယ်လည်း မရုန်းထွက်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
“၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်နယ်စီးပွားရေး တိုးတက်မှုနှုန်းက ၇ ဒသမ ၄၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ၂၀၂၀-၂၁ မှာတော့ စီးပွားရေးတိုးတက်နှုန်းက အနုတ်လက္ခဏာပြပြီးတော့ ၅ ဒသမ ၅၉ ရာခိုင်နှုန်း ကျသွားမယ်လို့ ခန့်မှန်းရပါတယ်။ အတိအကျ ပြောရရင်တော့ ပြည်နယ်စီးပွားရေး ကျဆင်းမှု တန်ဖိုးဟာ ရူပီး ၁၀၁၃ ဒသမ ၁၁ ကုဋေ ဖြစ်လိမ့်မယ်လို့ မှန်းထား ပါတယ်” ဟု Neiphiu Rio က ပြောသည်။
ကူးစက်ရောဂါကို ကျော်လွှား၍ နိုင်ငံသားများအတွက် ဝင်ငွေတိုးတက်မှုနှုန်း မြင့်မားသည့် ပိုမိုကောင်းမွန်သော အနာဂတ် ဖန်တီးပေးရေး အလွန်အရေးကြီးကြောင်း၊ ခက်ခဲကျပ်တည်းသည့် အချိန်တွင် အသက်မွေးဝမ်းကျောင်း အလုပ်များနှင့် လူ့ အသက်များကို ကယ်တင်ရန် အာရုံစိုက်ရမှာဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်တွင် ပြည်နယ်စီမံကိန်း အရွယ်အစားမှာ ရူပီး ၆၃၉ ကုဋေဖြစ်သော်လည်း ၎င်းကို ၁၅ ရာခိုင်နှုန်း လျှော့ချရန် အလားအလာရှိနေသဖြင့် ရူပီး ၅၇၂ ကုဋေအထိ ကျဆင်းသွားနိုင်သည်။
သို့သော် လက်ရှိဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်အစီအစဉ် အရွယ်အစားကို ရူပီး ကုဋေ ၇၀၀ သို့ တိုးမြှင့်ခဲ့သဖြင့် ပြီးခဲ့သည့် နှစ်က ပြင်ဆင်ထားသော ပြည်နယ် အသုံးစရိတ်ထက် ၂၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဝန်ကြီးချုပ်က အသိပေး ပြော ကြားခဲ့သည်။
Source: thenortheasttoday.com