CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၇

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19) ကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးလုပ်ငန်းများကို ကုစားရန် ပြီးခဲ့သည့် NLD အစိုးရလက်ထက်က လုပ် ငန်းရှင်များကို ထုတ်ပေးသော ချေးငွေပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ချက်ကို ပြန်သုံးသပ်ပြီး ထပ်မံတိုးမြင့်ပေးရန် လုပ်ငန်းရှင်များက မျှော်လင့်နေသည်။

အဆိုပါ စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် ယခင်အစိုးရလက်ထက်က နိုင်ငံတော် လှည့်ပတ်ရံပုံငွေမှ ကျပ် ဘီလီယံ ၅၀ နှင့် လူမှုဖူလုံရေး ရံပုံငွေမှ ကျပ် ဘီလီယံ ၅၀ စုစုပေါင်း ကျပ်ဘီလီယံ ၁၀၀ အား COVID -19 Fund အဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် ထူထောင်ပြီး ချေးငွေကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တနှစ်သတ်မှတ်၍ ၂၀၂၀ ခုနှစ် ဧပြီလဆန်းမှ စတင်ကာ ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင် ဆောင်ရွက်ရာတွင် လုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလရောက်သည့်နေ့မှစ၍ နောက်ထပ် ၆ လ သက်တမ်း တိုးမြှင့်ပေးရန် နကစက ကြေညာထားသည်။

သို့သော် လက်ရှိတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်များအနေနှင့် ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ပြည်တွင်းရှိ စက်ရုံ၊အလုပ်ရုံများ ပိတ်သိမ်းလာရခြင်း၊ စီးပွားလုပ်ငန်းများ လုပ်ကိုင်ရာတွင် ငွေကြေးစီးဆင်းမှု ခက်ခဲနေခြင်းနှင့် ရောဂါကူးစက်မှုများ ဆက်တိုက် မြှင့်တက်နေသောကြောင့် ချေးငွေသက်တမ်း ထပ်မံတိုးမြှင့်ပေးရန် မျှော်လင့်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက“ပြီးခဲ့တဲ့ တလောကတည်းက လက်ရှိအခြေအနေကို သုံးသပ်ပြီးတော့ ချေးငွေတွေကို သက်တမ်းထပ်ပြီးတော့ တိုးပေးဖို့ဟာကို နိုင်ငံတော်ဘက်ကို တင်ပြပြီးတော့ ညှိနိူင်းဆောင်ရွက်တဲ့အခါမှာ ခွင့်ပြုချက်ရတာဖြစ်တဲ့အတွက် ဒါတွေက သက်တမ်း ၆ လ တစ်ကြိမ်တိုးထားပြီးသား ဖြစ်ပါတယ်။ နောက်ထပ် ၆ လလည်း ထပ်ပြီးတိုးဖို့ မျှော်လင့်ထားပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

သို့သော် လတ်တလောတွင် ထပ်မံ၍ ချေးငွေထုတ်ပေးရန် အစီစဉ်ကိုတော့ ကြားသိရခြင်း မရှိသေးကြောင်း၊ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတိုက်ဖျက်နေသည့်ကာလဖြစ်သောကြောင့်လည်း စီးပွားရေးထက်ကျန်းမာရေးကို အများစုက ဦးစားပေး လုပ်ကိုင်နေရခြင်းကြောင့် စီးပွားရေးလုပ်ငန်းများက အထိုက်အလျှောက်ကျဆင်းမှုများရှိနေကြောင်း ၎င်းက ပြောသည်။

လက်ရှိအရေးကြီးနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားနေမှုနှုန်းကို အကောင်းဆုံးထိန်းချုပ်ပြီး ယခုကာလကို ဖြတ်ကျော်နိုင်ရန် ဦးစားပေးလုပ်ဆောင်ရန် လိုအပ်သလို ကိုဗစ်ကာလအပြီးတွင် စီးပွားရေး ပြန်လည်နိုးထရန်အတွက် အစီအမံများကိုလည်း လုပ်ဆောင်ရန် လိုအပ်နေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ယင်း ကျပ် ၁၀၀ ဘီလီယံထဲမှ ပထမအသုတ် ချေးငွေကို ဧပြီလ ၉ ရက်မှ စတင်၍ စီးပွားရေးလုပ်ငန်းရှင် ၈၅ ဦးသို့ လည်းကောင်း၊ ဒုတိယအသုတ်ချေးငွေကို လုပ်ငန်းရှင် ၁၁၃ ဦးသို့လည်းကောင်း၊ တတိယအသုတ်ချေးငွေကို လုပ်ငန်း ၁၁၁ ခု သို့လည်းကောင်း၊ စတုတ္တအသုတ် ချေးငွေကို လုပ်ငန်း ၄၁၇ ခု သို့လည်းကောင်း ယခု ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပေးမည့် ပဉ္ဓမအသုတ်ချေးငွေကို လုပ်ငန်း ၂၉၀ ခုကိုလည်းကောင်း စုစုပေါင်း ကျပ် ၃၆ ဘီလီယံ ကျော်ထုတ်ချေးပေးထားကြောင်း သိရသည်။

#ကိုဗစ်-၁၉
#Covid-19
#ချေးငွေ
#စီးပွားရေးလုပ်ငန်းရှင်
#ပြည်တွင်းစီးပွားရေး