CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၈

တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်မြို့များကို Lock Down သက်တမ်းတိုးမြှင့်ရန် တရုတ်အာဏာပိုင်များက တင်းတင်းကျပ်ကျပ် ပြုလုပ်လာသောကြောင့် နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်သော ကျယ်ဂေါင်မြို့မှ မြန်မာကျောက်ကုန်သည်များကို ယခုလ ၁၅ ရက် နောက်ဆုံးထားကာ နှင်လွှတ်ကြောင်း ကျောက်ကုန်သည်များထံက သိရသည်။

“ကိုဗစ်ကတော့ သူတို့က အကြောင်းပြတာပေါ့။ အစ်ကိုတို့ တွက်ကိန်းအရဆိုရင် အဓိကပဲ။ ရှင်းရှင်းပြောရရင် ကိုဗစ်ကို အကြောင်းပြုပြီး သူတို့နိုင်ငံသားကိုပဲ တာဝန်ယူပြီးတော့ လုပ်ပေးချင်တာ။ မြန်မာပြည်က ကျောက်သမားတွေကလည်း ရွှေလီဘက်မှာဆိုရင် တရားဝင်ထက် တရားမဝင်ဆိုရင် တရားမဝင်သွားတာက များတယ်။ တရားဝင်နေတဲ့သူတွေတောင် သူတို့က စည်းကမ်း တစ်အား တင်းကျပ်နေတာ”ဟု ကျောက်ကုန်သည် ကိုဖြိုးကCNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် တရုတ်နယ်စပ်မြို့များဖြစ်သော ရွှေလီ၊ ကျယ်ဂေါင်၊ ထိန်ချူံး အစရှိသည့် မြို့များတွင် အလုပ်လုပ်ကိုင် ဆောင်ရွက်နေသော မြန်မာနိုင်ငံသားကုန်သည်များသာမက တရုတ်လူမျိုးမြန်မာနိုင်ငံသား ကုန်သည်များကိုလည်း အတင်းပြန်လွှတ်နေသောကြောင့် အခက်အခဲများနှင့်လည်း ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။

“ပြောမယ်ဆိုရင် ကျောက်ကုန်သည်တွေက ရောင်းဖို့အတွက် ကျောက်ကိုသယ်သွားတာ၊ ဒါမှမဟုတ် ကြိုပြီးတော့ကျောက်ကို ပို့ထားရတယ်။ အဲ့ဒီတော့ ကျောက်ဈေးကွက် မှီခိုပြီး သွားကြတဲ့သူက တော်တော်များများတယ်။ အခုက မြန်မာနိုင်ငံမှာက နိုင်ငံရေးအရရော ရောဂါအရရော ဖြစ်နေတဲ့ တတိယလှိုင်းအနေအထားအရ ဆိုရင် တရုတ်က တာဝန်ယူမှု တာဝန်ခံမှုကို သူတို့နိုင်ငံသားကိုပဲ ဦးစားပေးတာဖြစ်တယ်”ဟု လက်ရှိမြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် အနေအထားကို ကျောက်ကုန်သည် ကိုဖြိုးက ရှင်းပြသည်။

တရုတ်နိုင်ငံ ကျယ်ဂေါင်မှာ ကျောက်စိမ်း အရောင်းအဝယ်လုပ်သည့် ကျောက်ဝိုင်း ၂ ဝိုင်း၊ ရွှေလီမြို့တွင် ကျောက်ဝိုင်း ၂ ဝိုင်း ရှိပြီး လက်ရှိအချိန်တွင် ကျောက်ရောင်းအဝယ် ပြုလုပ်ရာတွင် ရောင်းသူနှင့် ဝယ်သူကြား Wechat Account နှင့်သာ အရောင်း အဝယ် ပြုလုပ်နေရခြင်း ဖြစ်သည်။

တရုတ်အာဏာပိုင်များ အနေနှင့် မြန်မာဘက်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား တစ်ချို့နှင့် တရုတ်နိုင်ငံသားတစ်ချို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့ရာမှ နယ်စပ်ကုန်သွယ်ရေး အဝင်အထွက်ဂိတ်များကို ပိတ်ထားပြီး မြန်မာနှင့် ထိစပ်နေသည့် တရုတ်နယ်စပ်မြို့များကိုလည်း Lock Down ချထားခြင်းဖြစ်သည်။

ယခုတရုတ်နိုင်ငံဘက်မှ ကြေညာထားချက်အရဆိုလျှင် မြန်မာကုန်သည်များ ရတနာပစ္စည်းများ ဆုံးရှုံးရမှုမှာ ရာနှုန်းပြည့် ဆုံးရှုံးရခြင်းများ ရင်ဆိုင်ရမည့် အခြေအနေဖြစ်နေကြောင်း ကုန်သည်များထံက သိရသည်။

မြန်မာနိုင်ငံအနေနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အိမ်နီးချင်း တရုတ်နှင့်သာအများဆုံးကုန်သွယ်မှု ပြုလုပ်နေရသဖြင့် ယခုကဲ့သို့ နယ်စပ်ဂိတ်များကို ပိတ်ဆို့ခြင်းမှာ လနှင့်ချီ၍ ကြာမြှင့်မည် ဆိုလျှင် လယ်ယာထွက်ကုန် တင်ပို့မှုတွင် အကြီးအကျယ် ထိခိုက်နိုင်ကြောင်း မြန်မာကုန်သည်များကပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးစာရင်းများအရ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇူလိုင်လဆန်းပိုင်း အထိ မြန်မာပို့ကုန်တင်ပို့မှုက မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လာ ၂၄၁၈ ဒဿမ ၂၁ သန်း၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လာ ၁၇၃ သန်း၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လာ ၃၄၅ ဒဿမ ၈၁ သန်း၊ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၂၆၆ ဒဿမ ၄၅ သန်း တင်ပို့ထားပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်သည် ကုန်သွယ်မှုစုစုပေါင်း၏ ၇၅ ရာခိုင်နူန်းကို ကုန်သွယ်မှု ပြုလုပ်နေသော ဇုန်ကြီးဖြစ်သည်။