CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၉

ယခုလအတွင်း နိုင်ငံတကာကုန်တင်သင်္ဘောလိုင်းအသီးသီးက မြန်မာနိုင်ငံထံ ကုန်သေတ္တာတင်သင်္ဘော ၄၄ စီးအထိ တိုးချဲ့ပြေးသွားမည်ဖြစ်ကြောင်း မြန်မာဆိပ်ကမ်းအာဏာပိုင် (MPA) က ကြေညာထားသည်။

အဆိုပါ သင်္ဘောများ တိုးချဲ့ပြေးဆွဲပေးခြင်းမှာ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်း လိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်း အသီးသီးမှ ခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့်ယခု ဩဂုတ်လတွင် လတ်တလော ကုန်သေတ္တာတင် သင်္ဘော ၄၄ စီး ပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတိုးချဲ့ပြေးဆွဲမည့် စာရင်းအား အချိန်နှင့်တပြေးညီ တင်ပြသွားမည်ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးထားသည်။

လက်ရှိ မြန်မာရေကြောင်းကုန်သွယ်မှုဈေးကွက်ကို ဦးဆောင်နေသည့် ဒိန်းမတ်နာမည်ကြီး Maersk Line က Space and Equipment Shortage နှင့် သွင်းကုန်ပိုမိုကိုင်တွယ်နိုင်ရန် အတွက် အရွယ်အစားကြီးမားသည့် ကုန်တင်သင်္ဘော ၃ စီးကို အသုံးပြုပေးဆွဲနေပြီး ပြေးဆွဲပေးမယ့် ကုန်တင်သင်္ဘော ၄၄ စီးမှာ Maersk Line ၏ သင်္ဘော ၁၇ စီးအထိ အများဆုံးပါဝင်နေ ကြောင်း တွေ့ရသည်။

ထို့ပြင် စင်ကာပူသင်္ဘောလိုင်း COSCO နှင့် ACL တို့မှလည်း ကုန်သေတ္တာသင်္ဘောအများစု ပါဝင်နေပြီး ထပ်မံတိုးချဲ့ပြေးဆွဲပေးမည့် သင်္ဘောစာရင်းများကို အချိန်နှင့် တစ်ပြေးညီကြေညာသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရန်ကုန်ဆိပ်ကမ်းကို နိုင်ငံတကာက ကုန်သေတ္တာတင် သင်္ဘော ၃၇ စီးအထိ ပြေးဆွဲခဲ့ ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားသည်။

#CNINews
#CNIMyanmar
#ChannelNewsIndependent
#Ship
#MaerskLine
#COSCO
#ACL
#SpaceandEquipmentShortage
#International
#MPA
#Import
#Export
#Singapore
#July
#ContainerShip