၂၀၂၁ ခုနှစ်၊ ဩဂုတ် ၉
ကူးစက်ရောဂါ မဖြစ်ပွားမီကပင် အိန္ဒိယရှိ မိန်းကလေးနှင့်ယောက်ျားလေး ၆ သန်းကျော်သည် ကျောင်းမတက် နိုင်ကြကြောင်း ယူနီဆက်ဖ်က ဆိုသည်။
ကျောင်းထွက်လိုက်ရသူများ၏ ၃၀ ရာခိုင်နှုန်းမှာ မိန်းကလေးများနှင့် အပစ်ပယ်ခံအသိုင်းအဝိုင်းမှ ကလေး အများစုဖြစ်ကြသည်။ ကူးစက်ရောဂါနှင့် အိန္ဒိယစီးပွားရေးထိခိုက်ခြင်းတို့က ဆင်းရဲနွမ်းပါးသူအများစုကို အခြေအနေ ပိုဆိုးစေခဲ့သည်။ မိသားစုအဓိကဝင်ငွေရှာဖွေသူများ အလုပ်နားလိုက်ရချိန်တွင် မိသားစု အများအပြားတွင် ရွေးချယ်စရာ အလွန် အမင်း နည်းပါးသွားပြီး ကလေးများမှာ သူတို့သင်လက်စ ကျောင်းစာအုပ်ကို မတတ်သာသည့်အဆုံး လွှတ်ချလိုက်ရသည်။
လူမှုဖူလုံရေးဆိုင်ရာစီးပွားရေးပညာရှင် ဂျွမ်းဒရေဇာ (Jean Dreze) က “လတ်တလောအခင်းအကျင်းများသည် အိန္ဒိယနိုင်ငံရှိ လူတန်းစား၊ ဇာတ်နိမ့်ဇာတ်မြင့်၊ ကျားမခွဲခြားမှုကို ဖြေလျော့ပေးမည့် ပညာရေးအခြေအနေကို ပိုမိုဆိုးရွားစေကြောင်း” သုံးသပ်ပြသည်။
ပုံ- အိန္ဒိယက ဆင်းရဲနွမ်းပါး ကလေးငယ်များ စာသင်ကြားနေ(AFP)
“အခွင့်ထူးခံကလေးတွေကတော့ အွန်လိုင်းပညာရေးကနေ ဆက်သင်နိုင်ကြတယ်ပေါ့။ ဒါပေမယ့် နွမ်းပါးတဲ့ကလေးတွေကျတော့ သူတို့အတွက် အွန်လိုင်းပညာရေးဟာ စိတ်ကူးသက်သက်ပဲ ဖြစ်နေတုန်းပဲ။ ပြည်နယ်အများစုမှာ သူတို့လေးတွေအတွက် သီးသန့်အစီအစဉ် မလုပ်ထားဘူး” ဟု ပါမောက္ခ ဒရေဇာက အေအက်ဖ်ပီသို့ ပြောသည်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏အဆိုအရ အိန္ဒိယနိုင်ငံရှိ ကလေးသူငယ် ၄ ဦးတွင် တစ်ဦးသာ ဒစ်ဂျစ်တယ်နည်းပညာသုံးပစ္စည်းများနှင့် အင်တာနက်သုံးနိုင်ကြောင်း သိရသည်။ မိသားစုတိုင်းလိုလို သူတို့သားသမီးလေးများ စာဆက်သင်နိုင်ဖို့ စမတ်ဖုန်းဝယ်နိုင်အောင် ငွေထုတ်ချေးပေးခြင်းကို ရရှိခဲ့ကြသည်။
အိန္ဒိယရှိ အချို့ကျေးလက်ဒေသများတွင် ကလေးများသည် ဆရာဆီကို ရောက်ဖို့ရာ တောင်ကုန်းတောင်တန်းများ ကို မိုင်ပေါင်းများစွာ ခြေလျင်တက်ကြရသည်။
နောက်ဆက်တွဲအကျိုးသက်ရောက်မှုများတွင် ကလေးသူငယ်လက်ထပ်ထိမ်းမြားမှု တိုးလာခြင်းလည်း ပါသည်။ စားဖို့က နံပါတ်တစ် အရေးကြီးလာလေလေ လူကုန်ကူးအမြတ်ထုတ်သူများက အကြိုက်တွေ့လေလေ ဖြစ်သည်။
ပုံ- အိန္ဒိယက ဆင်းရဲနွမ်းပါး ကလေးငယ်များ စာသင်ကြားနေ(AFP)
စိုးရိမ်ထိတ်လန့်စရာကောင်းသည်က ကျောင်းများပြန်ဖွင့်နိုင်လျှင်တောင်မှ ကလေးအများအပြားသည် ပညာရေးဘက် ပြန်မလှည့်နိုင်ဘဲ အရည်အချင်းပြည့်ဝသော လူငယ်များ အဟောသိကံဖြစ်ရသည့် “မျိုးဆက်သစ် ဆုံးရှုံးမှုကြီး” ကို ဖန်တီးရာရောက်ခြင်းဖြစ်သည်။
“သူတို့က ပညာရေးဆိုတာကြီးကို လိုက်မမီတော့ဘူးလို့ ခံစားရရင် ကျောင်းပြန်တက်ဖို့ အလားအလာနည်းတယ်” ဟု ယူနီဆက်ဖ်(အိန္ဒိယ)၏ ပညာရေးအကြီးအကဲဖြစ်သူ မစ္စတာ တာရီဒန်နီယန်က ပြောကြားသည်။
ယူနက်စကို၏အဆိုအရ ရက်သတ္တပတ် ၆၀ အတွင်း အခြားနိုင်ငံ ၅ နိုင်ငံသာ အိန္ဒိယထက် ပိုမိုကြာရှည်စွာ ကျောင်းပိတ်ထားကြောင်း တွေ့ရသည်။ ကျောင်းများဆက်ပိတ်ထားခြင်းသည် အိန္ဒိယ၏ အခြားကဏ္ဍများတွင် ချမှတ်ထားသော ကန့်သတ်ချက်များဖြေလျော့ပေးခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
Source: AFP, Todayonline.com
#အိန္ဒိယ #ပညာရေး #Unicef #India #CNINews #CNIMyanmar #ChannelNewsIndependent