၂၀၂၁ ခုနှစ်၊ဩဂုတ် ၉
၁၉၉၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ အလွန်အမင်းဆင်းရဲနွမ်းပါးသူ (ကမ္ဘာ့ဘဏ်သတ်မှတ်ချက်အရ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀ သာ ဝင်ငွေရှိသူ) လူဦးရေသည် ၁ ဒသမ ၉ ဘီလီယံမှ ၆၄၈ သန်းသို့ ကျဆင်း သွားခဲ့သည်။
သို့သော် ယင်းသို့ တိုးတက်လာသည့်နှုန်းကို Covid-19 က ပြောင်းပြန်လှန်လိုက်သည်။ ယခု ၂၀၂၁ ခုနှစ် အကုန်တွင် ကပ်ရောဂါသည် လူဦးရေ သန်း ၁၅၀ ခန့်ကို ဆင်းရဲတွင်းသို့ တွန်းပို့လိမ့်မည်ဟု ခန့်မှန်းထားသည်။
သို့သော် Covid-19 မတိုင်ခင်က လာမည့်ဆယ်စုနှစ်အတွင်း ကမ္ဘာကြီးသည် အလွန်အမင်းဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်နိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်ခဲ့သည်တော့ မဟုတ်ပေ။ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု နှုန်းသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အကြား တစ်နှစ်လျှင် ရာခိုင်နှုန်းထက်ဝက်အောက် ကျဆင်းနေသဖြင့် တိုးတက်မှုနှုန်း နှေးကွေးလှသည်။
ကိုဗစ်မဖြစ်လျှင်တောင်မှ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် လူ ၅၃၇ သန်းသည် အလွန်ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရဦးမည်ဖြစ်သည်။ ထိုခန့်မှန်းချက်မှာ ကုလသမဂ္ဂ၏ ရေရှည်ခိုင်မာသောဖွံ့ဖြိုးရေးရည်မှန်းချက်များ (Sustainable Development Goals-SDGs) ထဲရှိ SDG 1 ပြည့်မီဖို့ မအောင်မြင်ခြင်းဆိုသည့် တွက်ချက်မှုအရ ခန့်မှန်းချက်ဖြစ်သည်။
(photo-getty image)
နံပါတ်တစ်အချက်အနေဖြင့် ဆင်းရဲနွမ်းပါးလွန်းသော ပြည်နယ်ဒေသများသို့ အကူအညီများ ရောက်ရှိရန် လိုအပ်သော်လည်း ယင်းအကူအညီများ ဆင်းရဲသားများလက်ထဲရောက်ဖို့ အစီအစဉ်များနှင့်ဝန်ဆောင်မှုများ အခက်အခဲရှိနေသည်။ ဆင်းရဲနွမ်းပါးသူအများစုသည် ဘဏ်စာရင်းများ၊ အမြဲတမ်းနေရပ်လိပ်စာများ (သို့မဟုတ်) တရားဝင်မှတ်ပုံတင်များ ကိုယ်စီရှိကြဖို့ အလားအလာနည်းသည်။ ဝင်ငွေနိမ့်သော နိုင်ငံများတွင် ၇၉ ရာခိုင်နှုန်း သော လုပ်ခလစာနည်းပါးသူများသည် လူမှုရေးအကူအညီ အချိန်မီရဖို့ထက် ရင်ဆိုင်နေရသော အတားအဆီး အတော်များများကို ကျော်လွှားနေရသည်နှင့် အချိန်ကုန်နေသည်။ ဆင်းရဲနွမ်းပါးသူများ ရင်ဆိုင်နေရသော အခက်အခဲများ ကျော်လွှားနိုင်သည့် မူဝါဒများ၊ အစီအစဉ်များ ထည့်သွင်းရေးဆွဲပြီး လူမှုလုံခြုံစိတ်ချရမှု ကွန်ရက်ထဲသို့ ထည့်ပေးနိုင်ရမည်ဖြစ်သည်။
ဒုတိယအစီအစဉ်မှာ အလွန်ဆင်းရဲနွမ်းပါးသူများ ရေရှည်ဒဏ်ခံနိုင်အောင် တည်ဆောက်ပေးဖို့ရန်နှင့် ဆင်းရဲနွမ်းပါးမှု ချောက်ထဲ ပြန်လည်မသက်ဆင်းရလေအောင် လိုအပ်သောအသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှု နှင့် အရင်းအမြစ်အကူအညီများ ပေးဖို့ဖြစ်သည်။ ယခုလို Covid–19 အကျပ်အတည်းကာလတွင် ဤချဉ်းကပ်မှုသည် အလွန်အရေးကြီးသည်။
ဖိလစ်ပိုင်တွင် တွေ့ရသည်နမူနာတစ်ခုမှာ ကပ်ရောဂါဖြစ်ပွားနေချိန် အသက်မွေးသင်တန်းတက်နေသူများကို အစိုးရက ငွေသားအကူအညီနှင့် အစားအသောက်များပါ ချိတ်ဆက်ထောက်ပံ့နိုင်ပြီး ဝင်ငွေရင်းမြစ်ရရှိရန် လိုအပ်သောအထောက်အပံ့များပေးခဲ့သည်။ ရလဒ်အနေဖြင့် Covid-19 အကန့်အသတ်များ ရှိနေသည့်ကြားမှ ၎င်းတို့ဝင်ငွေ ဖူလုံစေခဲ့ကြောင်း တွေ့ရသည်။
တတိယအစီအစဉ်အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသည့် အလွန်အမင်း ဆင်းရဲမွဲတေမှုအား ဘက်စုံထောင့်စုံမှ ချို့တဲ့နိုင်ဖွယ်ရာ အကြောင်းချင်းရာများကို ထည့်သွင်းတွက်ချက်ပြီး ဖြစ်ပေါ်နေသည့် အခြေအနေကို ဆင်းရဲနွမ်းပါးသူများ ရင်ဆိုင်နိုင်ဖို့ အစိုးရနှင့်မိတ်ဖက်အဖွဲအစည်းများက ကြားဝင်ဆောင်ရွက် ပေးရန်လိုသည်။
စတုတ္ထအချက်တွင် ဒေသခံလူထုနှင့်အစိုးရက ပါဝင်ရမည်ဖြစ်ပြီး အပစ်ပယ်ခံထားရသော အိမ်ထောင်စုများကို အစိုးရက ဖော်ထုတ်ပြီး လူမှုစီးပွားရေးလိုအပ်ချက်များ ပံ့ပိုးပေးရမည်ဖြစ်ပြီး နောက်ဆုံးအချက်အနေဖြင့် ယင်းသို့အကောင်အထည်ဖော်မှုများကို အကဲဖြတ်သုံးသပ်ခြင်းဖြစ်သည်။ လိုအပ်ချက်များ၊ အားနည်းချက်များ တွေ့လျှင် အချိန်မီ ပြန်လည်ပြင်ဆင်ပေးရမည်ဖြစ်သည်။
ထိုအရေးကိစ္စများ ကိုင်တွယ်ဖို့ရန် ပူးပေါင်းကြိုးပမ်းမှု မလွဲမသွေလိုအပ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အထက်ဖော်ပြပါအဆင့်များကို လက်ခံကျင့်သုံးမည်ဆိုလျှင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအစီအစဉ်များ ပိုမိုပြည့်စုံလာနိုင်စရာ အကြောင်းရှိမည်ဖြစ်သည်။ အရပ်ဘက်အဖွဲ့အစည်းများကိုလည်း အစိုးရက သံသယ ကင်းကင်းဖြင့် လွတ်လပ်စွာ စည်းရုံးလုပ်ကိုင်ခွင့်ပေးရမည်ဖြစ်သည်။
Source: Bangkok Post
#ဆင်းရဲမွဲတေမှု
#နိုင်ငံတကာ
#ဆင်းရဲနွမ်းပါးသူ
#Covid-19
#CNINews
#CNIMyanmar
#ChannelNews Independent