၂၀၂၁ ခုနှစ်၊ ဩဂုတ် ၉
တရုတ်နယ်စပ်ဂိတ်ပေါက်များ ပိတ်ထားသော်လည်း ကျွဲ၊ နွားများ မှောင်ခိုတင်ပို့မှု အားကောင်းနေသည့် အခြေအနေတွင်ရှိ နေကြောင်း မန္တလေးတိုင်းဒေသကြီး ကျွဲ၊ နွား ကုန်သည်လုပ်ငန်းရှင်များထံက စုံစမ်းသိရှိရသည်။
မန္တလေးတိုင်းဒေသကြီး ကျွဲ၊ နွား တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးနိုင်က “လောလောဆယ် ဈေးကွက်က လုံးလုံးကို ပိတ်နေတယ်၊ ပျက်နေတယ်၊ အဲလိုပဲ ပြောရမှာပေါ့။
ဒါပေမယ့် မှောင်ခိုဈေးကွက်ကတော့ သူ့ဟာနဲ့သူ သွားကြပါတယ်။ သူ့အဆက်အသွယ်နဲ့သူ သူ့အခြေအနေနဲ့သူ သွားနေကြတာဖြစ်တယ်။ သွားတာတော့ တရုတ်ကို သွားတာပေါ့။ မြစ်ကြီးနား၊ ကချင်ပြည်နယ်က စပြီးတော့ တာချီလိတ်အထိ ရှိတယ်ဆိုတော့ သူ့နေရာနဲ့ သူ အဆင်ပြေသလို သွားနေကြတာပဲ ဖြစ်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
တရုတ်နိုင်ငံသို့ နယ်စပ်မှ တစ်ဆင့် ကျွဲ၊ နွားများတင်ပို့ရာတွင် မြန်မာနိုင်ငံဘက်မှ တရားဝင်ဖြစ်သော်လည်း တစ်ဖက် တရုတ်နိုင်ငံက တရားဝင် မဟုတ်သဖြင့် တရုတ်ဝယ်လက်ကုန်သည်များက မူဆယ်သို့ ဆင်း၍ ဝယ်ယူရသည်။
ထို့ကြောင့် တရားဝင်ရောင်းဝယ်လျှင် အခွန်အခများ၊ တစ်ခြားစရိတ်စကများ၊ ကုန်ကျမှုပိုများသောကြောင့် ကျွဲ၊ နွားများ မှောင်ခိုရောင်းချသည့် ဈေးကွက်နေရာကိုသာ တရုတ်ဝယ်လက်များက လိုက်လံဝယ်ခြင်းဖြစ်ကြောင်း ကုန်သည်လည်းဖြစ်သူ ဦးစိုးနိုင်က ရှင်းပြသည်။
“အဲ့ဒီတော့ တရားဝင်ဈေးကွက်မှာ မဝယ်ဘူး။ ဒါကြောင့် ပိတ်နေတဲ့ သဘောပါပဲ။ မှောင်ခိုဈေးကွက်ရဲ့ အဓိပ္ပါယ်ကတော့ တရုတ်ပြည်နယ်စပ်မှာရှိတဲ့ ကုန်သည်တွေက ဒီဖက်က လူတစ်ချို့နဲ့ပေါင်းပြီး မှောင်ခိုဈေးကွက် ယူသွားတဲ့အခါမှာ သူတို့က ပြည်မထဲက ဈေးနဲ့ပဲ ရတယ်။ ဥပမာ ပြည်မထဲက နွားတစ်ကောင်က ကျပ် ၂၅ သိန်းဆိုရင် အဲဒီနှုန်းနဲ့ သယ်ယူတဲ့ စရိတ်နည်းနည်းနဲ့ တရုတ်ကို ရောက်သွားတာပေါ့။ တရားဝင်သမားဆီကကျတော့ စရိတ်နည်းနည်းပိုများသွားတာပေါ့” ဟု မှောင်ခိုဈေးကွက်အခြေအနေကို ၎င်းက ပြောသည်။
တရားဝင်ဈေးကွက်မှ တရုတ်သို့ ကျွဲ၊ နွားများ ရောင်းချမည် ဆိုပါက မြန်မာကုန်သည်များအနေနှင့် ပါမစ်တစ်စောင်လျှင် ကျွဲ၊ နွားအကောင်ရေ ၁၀၀ ပေးပြီး ပါမစ် တစ်စောင်ကျရန် အနည်းဆုံး ၄၅ ရက်မှ ၂ လအထိကြာသဖြင့် အစာစရိတ် အစရှိသည့် စရိတ်စက အမျိုးမျိုးကြောင့် နွားအကောင်ရေတစ်ရာဆိုပါက ငွေကျပ်သိန်း တစ်ရာနှင့် သိန်း နှစ်ရာခန့် ပိုပေးရကြောင်း သိရသည်။
ထိုအခြေအနေများကြောင့် တရုတ်ဖက်မှ ကုန်သည်၊ ဝယ်လက်များက မူဆယ်ရှိ ကျွဲ၊ နွား တရားဝင်ဈေးကွက်တွင် မဝယ်ပဲ မြန်မာပြည် ပြည်မထဲသို့ အဆက်အသွယ်များနှင့် မှောင်ခိုလာရောက်ဝယ်ယူကြသည့် ပုံစံမျိုးဖြစ်ကြောင်း ကုန်သည်များက ပြောသည်။
လက်ရှိတွင်လည်း ကိုဗစ်ကပ်ရောဂါ မြန်မာနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် နှစ်မှစတင်ပြီး ယခုအချိန်ထိ ကျွဲ၊ နွား အကောင်ရေ သောင်းကျော် ပိတ်မိနေပြီး လက်ရှိတွင်လည်း မူဆယ်တွင် အကောင်ရေ ၆၀၀၀ နှင့် ၇၀၀၀ အထိ မရောင်းရသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်မှ စတင်ပြီး တရုတ်-မြန်မာနယ်စပ်ဂိတ်များကို တရုတ်အာဏာပိုင်များက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးအတွက်ဟု ဆိုပြီး နောက်ဆုံးကျန်ရှိနေသည့် မူဆယ် ဝမ်တိန်-ကျင်စန်းကျော့နှင့် ဝမ်တိန်-ပန်ဆိုင်း ဂိတ်ပေါက်များအားလုံးကို ပိတ်ထားပြီး ကုန်သွယ်ရေးမှာ လက်ရှိတွင် ရပ်ဆိုင်းနေသည်။
#CNINews
#CNIMyanmar
#ChannelNewsIndependent
#Cow
#Buffalo
#China
#Myanmar
#BlackMarket
#Muse
#SoeNaing
#Mandalay
#Kachin
#Tachileik
#Border
#Covid