CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၅
တရုတ်-မြန်မာနယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ တင်သွင်းသော ဆေးဝါးနှင့် ဆေးပစ္စည်းများကို တရုတ်ဖက်က တင်သွင်းခွင့်မပြုကြောင်း ကောလာဟလသတင်းအမှားများ ထုတ်လွှင့်နေသည်ကို တွေ့ရှိရကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ဩဂုတ်လ ၅ ရက်က အသိပေးထုတ်ပြန်လိုက်သည်။
မသမာသူတစ်ချို့မှ နိုင်ငံရေးအမြတ်ထုတ်ရန်အတွက်သော်လည်းကောင်း ပြည်သူများ စိုးရိမ်ထိတ်လန့်မှု ကြီးမားလာစေရန်လည်ကောင်း၊ ဝိသမလောဘသားများက စီးပွားရေးအမြတ်ထုတ်ရန်အတွက် ဆေးဝါးနှင့် ဆေးပစ္စည်းများကို ဈေးကစားလိုခြင်းတို့ကြောင့် အခုလိုသတင်းအမှားများ ထုတ်လွှင့်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် တရုတ်နိုင်ငံအနေနှင့်လည်း မြန်မာနိုင်ငံအတွက် အရေးတစ်ကြီးလိုအပ်နေသော ဆေးဝါးနှင့် ဆေးပစ္စည်းများကို နယ်စပ်မှ တင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန် ပူးပေါင်းဆောင်ရွက်ခွင့်ပြုပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဘက်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက “လက်ရှိကတော့ တရုတ်ဖက်က ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ ကုသရေးနဲ့ သက်ဆိုင်တဲ့ ဆေးဝါးတွေ ဆေးပစ္စည်းကိရိယာတွေ Liquid Oxygen လိုဟာမျိုးတွေအစ အောက်စီဂျင်စက်လို ဟာမျိုးထိ အဆုံးပေါ့နော်။ အဲ့လိုမျိုး တွေဆိုရင် အထူး ခွင့်ပြုချက်နဲ့ ပေးပြီးတော့ ဖြတ်နေတာ ရှိပါတယ်။ ဒီနေရာမှာလည်း တစ်ချို့ကတော့ ချင်းရွှေဟော်ဖက်က နေပြီးတော့ ပိုပြီးတော့ လာကြတယ်။ အဲဖက်ကတော့ အရေအတွက်လည်း မများတဲ့အတွက် မြန်မြန်ဆန်ဆန်နဲ့ ဖြတ်လို့ရတဲ့ အနေအထား ရှိပါတယ်။ အဲဒီတော့ တောက်လျှောက်တော့ ပစ္စည်းတွေက ဝင်နေပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
သို့သော်တစ်ခါတစ်ရံတွင် ဆေးဝါးနှင့် ဆက်စပ်ဆေးပစ္စည်းများ တရုတ်နိုင်ငံဖက်မှ ဖြတ်သန်းရာတွင် လိုအပ်သော လိုင်စင်များရောက်ထားခြင်းများ ရှိသည့်အတွက် တစ်ချို့ တင်သွင်းသည့် ကုမ္ပဏီများတွင် တရုတ်နိုင်ငံဖက် ကုမ္ပဏီမှ သော်လည်းကောင်း၊ မြန်မာဖက် ကုမ္ပဏီမှ သော်လည်းကောင်း တစ်ချို့အချက်အလက်များ တင်ပြရာတွင် မပြည့်စုံသဖြင့် ပြန်လည်စီစစ်ရခြင်းများ ရှိသောကြောင့်အနည်းငယ် ကြန့်ကြာခြင်းများ ရှိကြောင်း ၎င်းက သုံးသပ်ပြော ဆိုသည်။
“ဒါကလွဲပြီးတော့ တစ်ခြားတော့မရှိပါဘူး။ ဒါကြောင့်လည်း တောက်လျှောက်အခု ဝင်နေတာပါ။ နောက်ပြီးတော့ ကျွန်တော်တို့ စင်းလုံးဌားလေယာဉ်တွေနဲ့ရော ဝင်နေတာရှိပါတယ်”ဟု ၎င်းက ပြောသည်။
ပြည်သူများအတွက် အရေးတကြီးလိုအပ်လျှက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ကို ပင်လယ်ဆိပ်ကမ်းများ၊ လေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ တင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများဖြေလျော့ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ကူညီ ဆောင်ရွက်ပေးခြင်းအပြင် လိုအပ်ပါက ပြည်ပနိုင်ငံများနှင့် သံတမန်လမ်းကြောင်းမှချိတ်ဆက် ကူညီပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း အသိပေးထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုသြဂုတ်လ ၄ ရက်နေ့အထိ ဆိပ်ကမ်း၊ လေဆိပ်နှင့် နယ်စပ်ဂိတ်များမှ ယာဉ်အစီးရေ ၂၀၁ စီးနှင့် အောက်ဆီဂျင် အရည် (ယာဉ်ဖြင့်) ၁၉၁ တန်၊ (အိုးဖြင့်) ၃၉ တန်၊ (ဓာတ်ငွေ့အိုးဖြင့်) ၄၇ တန်၊ အိုးခွံ ၂၄၃၄၉ ခု၊ အောက်ဆီဂျင် (Generator) ၅ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၂၇၁၃၉ ခု၊ Test Kit ၁၃၅၉၄၂ ခု၊ PPE ၁၄၃၆၆၂ စုံ၊ လက်အိတ် ၈ တန် နှင့် နှာခေါင်းစည်း(Mask) ၂၃၈ တန် တင်သွင်းခွင့်ပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းဝန်ကြီးဌာန စာရင်းများအရ သိရသည်။