CNI News
၂၀၂၁ခုနှစ်၊ ဩဂုတ် ၅
နိုင်ငံခြားငွေ မြင့်မားလာမှုကို ဘဏ်များက ဝိုင်းဝန်းထိန်းသိမ်းရန် ညွှန်ကြားထားသော်လည်း ဈေးနှုန်းများ မြင့်တက်နေဆဲတွေ့ရသည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ဩဂုတ်လ ၃ ရက်တွင်ပြုလုပ်သည့် နိုင်ငံခြားငွေ လဲလှယ်နှုန်း သတ်မှတ်ခြင်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
အဆိုပါ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်မားလာမှုသည် နိုင်ငံတော်၏ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေး တည်ငြိမ်မှုကို ထိခိုက်စေနိုင်သည့် အတွက် လွန်စွာအရေးကြီးကြောင်း ဒုဥက္ကဋ္ဌက နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (A.D)လိုင်စင်ရ ဘဏ်များမှ အကြီးတန်းအရာရှိများနှင့် ပြည်တွင်းဘဏ် ၂၄ ခုနှင့် နိုင်ငံခြားဘဏ် ၂၀ တို့မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကိုဗစ်-၁၉ ဖြစ်ပွားမှု ဖြစ်နေချိန်တွင် အခြားကုန်စည်ဈေးနှုန်းများ မြင့်မားမှု မဖြစ်ပေါ်စေရေးနှင့် ဖြစ်သင့်သော ဈေးနှုန်း တစ်ခုတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှု ရှိစေရေးအတွက် ဘဏ်များက နိုင်ငံခြားငွေ ရောင်းဝယ်မှုကို ကန့်သတ်ချက်အတွင်းသာ ရောင်းဝယ်ကြရန်နှင့် မဖြစ်မနေ ဝယ်ယူရမည့် ကျန်းမာရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် နိုင်ငံခြားငွေ အသုံးပြုရန် လိုအပ်လာမည် ဆိုလျင် ဗဟိုဘဏ်သို့ တင်ပြနိုင်ကြောင်း၊ ဗဟိုဘဏ်ဘက်မှ တတ်နိုင်သမျှ ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဝင်းသော်က ပြောဆိုသည်။
ဗဟိုဘဏ်ဘက်မှ နိုင်ငံခြားငွေလိုအပ်ချက်ကို အထိုက်အလျောက် ဖြည့်တင်းပေးနိုင်ရန် အတွက် Special Auction ခေါ်ယူပြီး A.D ဘဏ်များထံ နိုင်ငံခြားငွေများ ရောင်းချပေးခဲ့ကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း အား ရည်ညွှန်းငွေ လဲလှယ်နှုန်းအဖြစ် သတ်မှတ်ကြေညာခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ဗဟိုဘဏ်အနေနှင့် ယခင်က ကျင့်သုံးခဲ့သည့် ဈေးကွက်အခြေခံသော ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ် ခြင်းအစား Auction ခေါ်ယူပြီး ရောင်းချသည့် ဈေးနှုန်းကိုသာ ရည်ညွှန်းငွေလဲလှယ်နှုန်းအဖြစ် ကြေညာမည်ဖြစ် ကြောင်း သိရသည်။
ယခင်က နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းများကို ဆောင်ရွက်ရာတွင် ရောင်းဈေးနှင့် ဝယ်ဈေး နှုန်းထားများအကြား ကွာဟချက် (Spread) ကို ၁ ရာခိုင်နှုန်းထက် မပိုစေဘဲ သတ်မှတ်ဆောင်ရွက်ချက်အစား ရည်ညွှန်းငွေလဲလှယ်နှုန်းကို Midrate အဖြစ် သတ်မှတ်ပြီး ± သုည ဒသမ ၈ ရာခိုင်နူန်း ဘောင်အတွင်းသာ ရောင်းဝယ်မှုပြုလုပ်ရန် ညွှန်ကြားချက် ပြင်ဆင်ထုတ်ပြန်မည်ဖြစ်ကြောင်းလည်း ဘဏ်လုပ်ငန်းရှင်များကို အသိပေးခဲ့သည်။
ထို့ကြောင့် ဘဏ်များက စည်းကမ်းတကျနှင့် ညီညွတ်စွာ သတ်မှတ်ဘောင်အတွင်းက ဆောင်ရွက်ရမည်ဖြစ်၍ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်မားခြင်းကို ထိန်းသိမ်းနိုင်မှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားနေချိန်တွင် ဒေါ်လာဈေးနှုန်း မြင့်မားလာမှုကြောင့် အခြားကုန်စည်ဈေးနှုန်းများ မြင့်မားလာမည် ဆိုပါက ပြည်သူလူထုအတွက် များစွာထိခိုက်နစ်နာမှုရှိနိုင်သောကြောင့် ဗဟိုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ထုတ်ပြန်မည့် ညွှန်ကြားချက်များ အပေါ် အကြံပြု ဆွေးနွေးကြဖို့ ဖိတ်ခေါ်ခဲ့ကြောင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း သတ်မှတ်ခြင်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးမှ သိရသည်။
“အခုဒေါ်လာဈေးကွက်မှာက ရောင်းတဲ့သူလည်း ရှားတယ်။ ဝယ်တဲ့သူလည်း ရှားတယ်။ အရောင်းခက် အဝယ်ခက် တဲ့ အခြေအနေဖြစ်တယ်။ ဘာလို့ဖြစ်လဲဆိုရင် ဈေးကွက်မှာ အသန့်တို့ ဘာတို့ ဖြစ်လာတယ်။ ဗဟိုဘဏ်ကလည်း အစုတ်တွေ အနုတ်တွေကို ယူချင်မှယူတယ်။ တံဆိပ်တုံးတို့ မျက်နှာညိုးတာတွေကို မယူတာတွေကွာတယ်။ ဒါတွေကြောင့် ပြဿနာတက်တယ်။ ဝယ်တဲ့သူကလည်းနည်းတယ်၊ ရှိပြန်တော့လည်း ပစ္စည်းက အသန့်မထွက်တော့ ဈေးတက်တာ”ဟု လက်ရှိ ဒေါ်လာဈေးနှုန်းမြင့်တက်နေခြင်းနှင့်ပတ်သက်ပြီး ဒေါ်လာရောင်း၊ဝယ်ရေး လုပ်ကိုင်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “အသန့်လိုချင်တဲ့သူက အသန့်ဈေး၊ အခုက ပေးရတယ်။ အဲလိုဖြစ်နေတာ။ ဗဟိုဘဏ်က ထန်းပင်ပေါ်က လမ်းလျှောက်တာလေ၊ မြေကြီးပေါ်လမ်းလျှောက်တာမဟုတ်ဘူး။ လုပ်ငန်းရှင်ခေါ်ပြီး ဘာ ဘာလိုချင်တယ်ပဲ ပြောတာ”ဟု သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဈေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များကို ထုတ်ပြန် ထားပြီး ယင်းသတ်မှတ်ချက်များအတိုင်း AD လိုင်စင်ရ နိုင်ငံပိုင်ဘဏ် ၃ ခု၊ ပုဂ္ဂလိကဘဏ် ၁၉ ခုနှင့် နိုင်ငံခြားသားပိုင်ဘဏ် ၁၃ ခုတို့က နိုင်ငံခြားငွေ ဝယ်ခြင်း၊ ရောင်းခြင်းတွေ ဆောင်ရွက်နေကြောင်း သိရသည်။