CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၄ ရက်

ကိုဗစ် - ၁၉ တတိယလှိုင်းဖြစ်ပွား‌‌နေသော မြန်မာပြည်တွင်း၌ အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်းများမှာ လိုအပ်ချက်မြင့်တက်မား‌နေသောကြောင့် ပြည်သူများ ဈေးနှုန်းသက်သာစွာနှင့် ဝယ်ယူရရှိနိုင်ရန်အတွက် Myanmar Muslim Aid (MMAID) မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၏ ပံ့ပိုးကူညီရေးကော်မတီက ရောင်းချပေးမည် ဖြစ် ကြောင်း သိရသည်။

"ကျနော်တို့ တကယ်လိုအပ်နေတဲ့သူတွေကို ဖောင်ဖြည့်ခိုင်းတယ်။ အဲဒီ့ဖောင်နဲ့ အတူ နေရာအလိုက် ချပေးနေပါတယ်။ ဈေးနှုန်းကတော့ ကျွန်တော်တို့ အမှန်တစ်ကယ် အရင်းအတိုင်း ကျသင့်ငွေပဲ ယူပါတယ်။ ပြန်ပြီးတော့ ရောင်းချလိုတဲ့ လုပ်ငန်းရှင်တွေကို အမြတ် ၂၀ ရာခိုင်နူန်းထက် ပိုမယူဘူးဆိုပြီး အာမခံရင်လည်း ရောင်းပေးတယ်"ဟု Myanmar Muslim Aid (MMAID) မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၏ ပံ့ပိုးကူညီရေးကော်မတီ ဥက္ကဌ ဦးတင်မောင်သန်း CNI သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိတွင်လည်း မှာယူထားသည့် အောက်ဆီဂျင်အိုး ၈၇၀ ရောက်ရှိနေပြီး ဩဂုတ် ၃ ရက်တွင် မှာယူထားသည့် သင်္ဘောတစ်စင်း စတင်ထွက်လာပြီး လာမည့် ၁၀ ရက်တွင် သင်္ဘော ရန်ကုန်သို့ ဆိုက်ရောက်မည် ဖြစ်ကာ ဆက်သွယ်ဝယ်နိုင်မည့် ပုံစံကို Myanmar Muslim Aid လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားသည်။

Photo -  By MMAID FB Page

အဆိုပါ အောက်ဆီဂျင်အိုးများကို အများပြည်သူသို့ ဈေးနှုန်းသက်သက်သာသာနှင့် ရောင်းချပေးရခြင်းမှာ ယခုအချိန်တွင် ကိုဗစ် - ၁၉ တတိယလှိုင်းကြောင့် သေဆုံးမှုများနေခြင်း၊ အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများကို ဈေးတင်ရောင်းချခြင်း၊ ပစ္စည်းပြတ်လပ်ခြင်းများနှင့် ကြုံတွေ့နေရသောကြောင့် အများပြည်သူများ အဆင်ပြေလွယ်ကူစေရန် ရည်ရွယ် ရောင်းချပေးခြင်းဖြစ်ကြောင်း ဦးတင်မောင်သန်းက ရှင်းပြသည်။

အောက်ဆီဂျင်အိုး စုစုပေါင်း ၃၄၀ အိုး တင်သွင်းရန် လျာထားပြီး ၄၀ လီတာအိုး တစ်အိုးလျှင် ကျပ် ၂ သိန်း၊၁၅ လီတာ တစ်အိုးလျှင် ကျပ် ၁ သိန်း ၄ သောင်းနှင့် ရောင်းချပေးမည်ဖြစ်ပြီး လူတစ်ဦးလျှင် ၁ အိုးနှုန်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း အစရှိသည့် အသင်းအဖွဲ့များကို ၅ လုံးနှုန်းနှင့် ပရဟိတ အသင်းများကို ၂ အိုးနှုန်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောက်ဆီဂျင်အိုးများ ရောင်းချပေးရန်အတွက် အွန်လိုင်းမှ လျှောက်လွှာများ ခေါ်ယူခဲ့ပြီး လာရောက်လျှောက်ထားသူ နှစ်သောင်းကျော်အထိ ရှိကာ ဝယ်ယူလိုသော အောက်ဆီဂျင် အိုးအလုံးရေ ၇ သောင်းကျော်အထိ ရှိသည်။