၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂ ရက်

ကမ္ဘာ့ကပ်ရောဂါ COVID-19 ရိုက်ခတ်မှုနှင့် တိုင်းပြည်တွင်း ပြောင်းနေသော အခြေအနေ အရပ်ရပ်ကြောင့် အထည်ချုပ်၊ ဖိနပ် ချုပ်၊ အိတ်ချုပ်လုပ်ငန်းများ ပိတ်သိမ်းခဲ့ရပြီး လာမည့် ရာသီတွင်လည်း အော်ဒါအမှာ မှာယူခြင်း မရှိပါက ပိတ်သိမ်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း အထည်ချုပ် လုပ်ငန်းရှင်များထံက သိရသည်။

လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးသန့်ဇင်ငြိမ်း(အမည်လွှဲ)က “စက်ရုံတွေက လက်ရှိ ရှိနေတဲ့ အော်ဒါကို မှေးပြီး လုပ်နေတာရှိတယ်။ တချို့ဝယ်တဲ့သူတွေက အော်ဒါအရည်အတွက်ကို အပြည့်အဝမပေးပဲနဲ့ တစ်ဝက် လောက်ပဲ ချပေးတယ်။ သုံးပုံတစ်ပုံလောက်ပဲ ချပေးတာလည်း ရှိတယ်။ လုံးဝအော်ဒါမရှိတဲ့ စက်ရုံတွေ ရှိသလို အော်ဒါအမှာ ရှိနေတဲ့ စက်ရုံတွေလည်း ရှိတယ်။ ဒီလို အနေအထားရှိတော့ စက်တင်ဘာလကျမှ အော်ဒါရောက်ပြီး ချုပ်ရမယ့် သူတွေ အတွက်ကျတော့ အော်ဒါတွေက အခုကျတော့ တရုတ်ဘက်ကိုပဲ ပြန်သွားနေတယ် ကြားရတယ်”ဟု CNI သို့ ပြောသည်။

အဆိုပါ ဝယ်သူများ၏ အော်ဒါ လျှော့ကျမှုများကြောင့် တချို့စက်ရုံများက ရက်၊ လ အပိုင်းအခြားအလိုက် ပိတ်သိမ်းသည့် စက်ရုံများရှိနေပြီး လာမည့် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများတွင်လည်း အော်ဒါမှာယူခြင်း မရှိပါက ပိတ်သိမ်း မည့် စက်ရုံများ ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “အထည်ချုပ်က သုံးလတစ်ခါ တစ်ရာသီမှတ်ပြီး လုပ်တာပေါ့နော်။ လအလိုက် လိုတဲ့အထည် ထုတ် တယ်။ ကျနော်တို့ရဲ့ ဝယ်လက်တွေက ဥရောပသမဂ္ဂက အများဆုံးဖြစ်တယ်။ ဥရောပသမဂ္ဂက အထည်ချုပ်လုပ်ငန်းကို ပိတ် ဆို့တာတွေ မလုပ်ဘူးဆိုပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတည်ငြိမ်မှ ရမယ်။ သူတို့မှာ ဖိအားက အရမ်းကြီးတဲ့ အတွက် အော်ဒါတွေ ထပ်ပေးချင်မှလည်း ပေးတော့မှာ”ဟု ထပ်လောင်း ပြောပြသည်။

လတ်တလော ပိတ်သိမ်းသွားသည့် အထည်ချုပ် စက်ရုံများမှာ အလယ်အလတ်တန်းစား လူဦးရေ ၅၀၀ နှင့် ၁၀၀၀ ကြားရှိ သည့် စက်ရုံအများစုက ထောင့်မခံနိုင်သဖြင့် ပိတ်သိမ်းခြင်းများ ရှိနေပြီး ဖိနပ်နှင့် အိတ်စက်ရုံအများစုက အပြီးပိတ်သိမ်းရ ခြင်း ပိုများကြောင်း သိရသည်။

ထို့ပြင် လက်ရှိတွင် ပြည်ပနိုင်ငံများမှ ကုန်အမှာစာများ ရရှိမှုနည်းပါးခြင်းနှင့် ပြည်တွင်းရှိ ဘဏ်လုပ်ငန်းဆိုင်ရာ အခက်အခဲ များကြောင့် အထည်ချုပ်လုပ်ငန်းများ အခက်အခဲဖြစ်နေသည့်အပြင် ပြည်တွင်း၌ ကိုဗစ်ရောဂါ ကူးစက်ပျံ့ပွားနှင့် သေဆုံးမှု နှုန်း မြင့်တက်နေခြင်းကြောင့်လည်း အလုပ်ပိတ်ရက်များကို ဩဂုတ်လ ၈ ရက်အထိ တိုးမြှင့် သတ်မှတ်ထားသဖြင့် အလုပ် သမားများအတွက် သက်ဆိုင်ရာက ကပ်ရောဂါကြောင့်ပေးသည့် လူမှုဖူလုံကြေးမှာ ရနိုင်၊ မရနိုင် မသိရသည့် အခြေအနေ များကြောင့် အခက်တွေ့နေကြောင်း စုံစမ်းသိရှိရသည်။

လာမည့် စက်တင်ဘာလတွင် ရာသီစာ ကုန်အမှာစာ မရရှိပါက ယခင် ဆန်ရှင်ပိတ်ထားသည့် ၂၀၁၂ ခုနှစ်မတိုင်မီ နှစ်များ ထက် ဆိုးသည့် အခြေတစ်ခု ဖြစ်လာနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။

ယခုတောင့်ခံနေသော စက်ရုံအများစုကလည်း လုပ်သားအင်အား ၆၀ ရာခိုင်နှုန်းနှင့်သာ လည်ပတ်နေရသဖြင့် ယခုထက်ပိုပြီး ကိုဗစ်ကူးစက်မှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဆိုးလာလျှင် လုပ်သားဦးရေးလျှော့ချရခြင်း၊ စက်ရုံအကြီးများ ပိတ်သိမ်းရမည့် အခြေအနေများ ရှိကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

လတ်တလောတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးကော်မတီက အများပြည်သူရုံးပိတ်ရက်အဖြစ် ဩဂုတ်လ ၈ ရက်နေ့အထိ ထပ်တိုးသတ်မှတ်လိုက်သော်လည်း ပိတ်ရက်အတွက် လူမှုဖူလုံရေးကြေး ၄၀ ရာခိုင်နှုန်း ပေးခြင်း ရှိ၊ မရှိနှင့် အလုပ်ပိတ်ရက်ဖြစ်သဖြင့် အလုပ်သမားများအတွက် လုပ်ခလစာ နှစ်ဆပေးရမည်လား၊ ပုံမှန်ပေးရမည်လား စသည်တို့ကို တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသဖြင့် အခက်တွေ့ရကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

 

#အထည်ချုပ်

#အော်ဒါမှာယူမှုနည်း

#အလုပ်ရုံများပိတ်ရနိုင်ခြေ

#စီးပွားရေး

#ကျန်းမာရေး

#CNImyanmar

#cninews

#ChannelNewsIndependent