CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁ ရက်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သော စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တော ကညင်ချောင်း အထူးစီးပွားရေးဇုန်တို့ကို ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနေမှုထိန်းချုပ်ရန်အတွက် ဇူလိုင်လ ၅ ရက်မှ ၃၁ ရက်အထိ ရက်နားခဲ့ပြီး ယခု ဩဂုတ်လ ၁ ရက်နေ့တွင် ထပ်မံရပ်နားရန် ရှိ၊ မရှိ ကုန်သည်များထံသို့ အကြောင်းကြားထား ခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ယခုရက်ပိုင်းအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်ရန် မဖြစ်နိုင်သေးသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးနှုန်းကို ထိန်းချုပ်နိုင်ခြင်း မရှိသေးသဖြင့် ကုန်သွယ်ရေး လုပ်ငန်းများ ပြန်လည်စတင်ရန် မဖြစ်နိုင်သေးကြောင်း ရခိုင် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ပြော သည်။

ဦးတင်မောင်ဦးက “သိတာတော့ နှစ်ပတ်တော့ ရပ်နားထားတာ သိတယ်။ ဒီနေ့ကနေ စပြီးတော့ သူတို့ ပြန်ဖွင့်လား မဖွင့် ဘူးလား ဆိုတာ ကျနော်တို့လည်း မသိဘူး။ ကျနော်တို့ဆီ စာလည်း မရောက်သေးတော့ မသိဘူးဗျ။ ကုန်သွယ်ရေး လော လောဆယ်တော့ ပြန်စဖို့ မရှိနိုင်သေးဘူးဗျ။ ရာသီဥတုကလည်း မကောင်းဘူး။ ကျနော်တို့က လှေနဲ့ပဲ သွားတာဆိုတော့ ဒီရက်ပိုင်းက စစ်တွေ၊ မောင်တောရော ရေက အရမ်းများနေတယ်။ မိုးသက်လေပြင်းတွေကလည်း နေ့တိုင်း နီးပါးလောက် ဖြစ်နေတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံသည် ကိုဗစ်ဒုတိယလှိုင်းအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကူးစက်မှုနှုန်း မြင့်မားခဲ့သည့်အတွက် နယ်စပ်ကုန်သွယ်ရေး စခန်းများကို ၂၀၂၀ ခုနှစ် နှစ်လယ်မှ စတင်ပိတ်ထားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဖွင့်လှစ်ခဲ့သည့် ဧပြီနှင့် မေ နှစ်လအတွင်း နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ သန်းကျော် ကုန် သွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး စိုက်ပျိုးရေး ထွက်ကုန်များ၊ ဂျင်း၊ နနွင်း၊ ကြက်သွန်၊ ကုလားပဲ၊ ကွမ်းသီးနှင့် စက်မှု ကုန်ထုတ် ဖြစ်သော ဇီးထုတ်၊ ဇီးယို၊ ဇီးသီးခြောက် အစရှိသည့် ပစ္စည်းများနှင့် ရေထွက်ကုန်ကဏ္ဍတွင် ရေချိုငါး၊ ငါးမြစ်ချင်း အစရှိသည့် ကုန်စည် များကို အဓိကထား ကုန် သွယ်မှု ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် စက်လှေသမားများတွင် ကိုဗစ်ပိုး စတင်တွေ့ရှိခဲ့သည့်အတွက် ပိုးတွေ့လူနာများနှင့် ထိတွေ့ ဆက်စပ်သူများကို ကုန်းပေါ်တက်ခွင့် မပေးဘဲ စက်လှေပေါ်မှာသာ ကွာရန်တင်းထား၍ ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ကူးစက်မှုနှုန်းများ မြင့်လာသည်။

လုပ်ငန်းရှင်လည်းဖြစ်သူ ဦးတင်အောင်ဦးက “ကုန်သွယ်ရေးဇုန် ပြန်ဖွင့် မဖွင့်ကို ကုန်သည်တွေကလည်း နားစွင့်နေကြပါ တယ်။ လက်ရှိတော့ ကျနော်တို့လည်း အဖြေ မပေးသေးတော့ ကုန်သည်တွေလည်း ပြန်စဖို့ မလုပ်ကြသေးဘူးလို့ သိရပါ တယ်”ဟု ပြောသည်။

လက်ရှိ ကိုဗစ်တတိယလှိုင်းတွင် ရခိုင်ပြည်နယ်၌ ဇူလိုင်လအတွင်း ပိုးကူးစက်ခံရသူ ၃၀၀၀ နီးပါးရှိလာပြီး သေဆုံးသူ ၂၀၀ နီးပါးရှိကာ လက်ရှိ ဆေးကုသမှု ခံယူနေရသူပေါင်း ၈၀၀ ကျော်ရှိကြောင်း ပြည်နယ်ကောင်စီ၏ စာရင်းများအရ သိရသည်။

#ဦးတင်အောင်ဦး #စီးပွားရေးလုပ်ငန်းရှင် #ကုန်သည်များအသင်း #ကိုဗစ်၁၉ #ကျန်းမာရေး #စီးပွားရေး #နယ်စပ်ကုန်သွယ်ရေး #CNImyanmar #cninews