CNI News

ဘန်ကောက် ဇူလိုင် ၂၉

ဂျပန်ကားကုမ္ပဏီအုပ်စုဖြစ်သော တိုယိုတာသည် ထိုင်းနိုင်ငံရှိ စက်ရုံ ၃ ခုတွင် လုပ်ငန်းလည်ပတ်မှုများ ယာယီရပ်ဆိုင်းခဲ့ ရကြောင်း နီကိုင်းအေးရှားသတင်းဖော်ပြချက်အရ သိရသည်။ ရပ်ဆိုင်းရသည့် အကြောင်းရင်းမှာ Delta မျိုးကွဲ Covid-19 ကပ်ရောဂါကြောင့် မော်တော်ယာဉ် အစိတ်အပိုင်းရောင်းအား အလွန်အမင်းကျဆင်းခဲ့၍ ဖြစ်ကြောင်း၊ ရပ်ဆိုင်းမှုကို ဇူလိုင် ၂၁ ရက်မှ အနည်းဆုံး ဇူလိုင် ၂၈ အထိဖြစ်ကြောင်း ယနေ့ဇူလိုင် ၂၉ ရက်တွင် ပြန်လည် စတင်မည်ဟု မျှော်လင့်ရသည်ဟု အဆိုပါသတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ကပ်ရောဂါ အဆမတန်ပြင်းထန်လာချိန်တွင် စက်ရုံအတွက် ပေးပို့ရသည့် လျှပ်စစ်အစိတ်အပိုင်းများ၊ ဝါယာကြိုးများ အချိန်မီ တင်ပို့နိုင်မှုမရှိ၍ ယင်းသို့ ယာယီရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရှိ တိုယိုတာစက်ရုံများမှ နှစ်စဉ်ထုတ်လုပ်မှုအနေဖြင့် ကားအစင်းရေ ၇၆၀,၀၀၀ ပုံမှန်ထွက်ရှိသော်လည်း ယမန်နှစ် ၂၀၂၀ ပြည့်နှစ်က အစင်းရေ ၄၄၀,၀၀၀ သာ ထွက်ရှိနိုင်ခဲ့သည်။ ထိုင်းနိုင်ငံသည် တရုတ်နှင့်အမေရိကန်ပြီးလျှင် တိုယိုတာ၏ တတိယအကြီးဆုံး ကားထုတ်လုပ်မှုဇုန် ဖြစ်သည်။

တိုယိုတာက ထုတ်လုပ်သော ကိုရိုလာစီဒင်နှင့် ဟိုင်းလပ်စ်ကဲ့သို့ ပစ်ကပ်ထရပ်ကားများသည် အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေးအတွက် အဓိကထုတ်လုပ်သော မော်ဒယ်များဖြစ်သည်။

Covid ကြောင့် ထိုင်းပြည်တွင်း၌ ထုတ်လုပ်မှု အနှောင့်အယှက်ကို ဒုတိယအကြိမ်အဖြစ် တိုယိုတာကုမ္ပဏီ တွေ့ကြုံခဲ့ရသည်။ ၎င်းစက်ရုံများကို ၂၀၂၀ ပြည့်နှစ်၊ မတ်လကလည်း ထိုင်းပြည်တွင်း Covid ပထမလှိုင်းကြောင့် ပိတ်သိမ်းခဲ့ရသေး သည်။

အလားတူ အရှေ့တောင်အာရှရှိ အချို့နေရာများတွင် တိုယိုတာအနေဖြင့် နစ်နာခဲ့ရမှုများရှိသည်။ ပြီးခဲ့သည့်ဇွန်လက မလေးရှားနိုင်ငံတွင် စက်ရုံအများအပြား ပိတ်သိမ်းစေခဲ့ရာ တိုယိုတာနှင့်ဟွန်ဒါ ကားစက်ရုံများလည်း ရပ်တန့်ခဲ့ ရသည်။ ပြီးခဲ့သည့်နှစ်က မလေးရှားတွင် တိုယိုတာက ကားအစင်းရေ ၅ သောင်း ထုတ်လုပ်ပေးခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည်လည်း အိန္ဒိယထက် ကူးစက်မှုနှုန်း ကျော်တက်သွားပြီး ဒိုင်ဟက်စု ကားစက်ရုံကို အင်ဒိုနီးရှားပြည်တွင်း ၌ ခေတ္တရပ်တန့်ခဲ့ရသည်။

Source: Nikkei Asia

#ထိုင်း #တိုယိုတာ #ကားထုတ်လုပ်မှုရပ်ဆိုင်း #ကိုဗစ်၁၉ #ကျန်းမာရေး #CNImyanmar #cninews