CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၇
မြန်မာနိုင်ငံတွင် နိုင်ငံရေးမငြိမ်မသက်မှုများနှင့်အတူ လျင်မြန်စွာ ကူးစက်မှုနှုန်း မြင့်တက်နေသည့် COVID-19 ဖြစ်ပွားမှု တတိယလှိုင်းက စီးပွားရေးကို အကြီးအကျယ် သက် ရောက်စေပြီး ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ယခု ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ် ၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဇူလိုင်လ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ စီးပွားရေးကျဆင်းနိုင်ခြင်းက ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်၊ အသက်မွေးဝမ်းကျောင်းမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် အနာဂါတ်ဖွံ့ဖြိုးမှုတို့အတွက် ဆိုးကျိုးသက် ရောက်နိုင်ပြီး အလုပ်အကိုင် ၁ သန်းခန့် ဆုံးရှုံးနိုင်ခြင်း သို့မဟုတ် လုပ်ခများ လျှော့ ချခြင်းတို့ကြောင့် ဝင်ငွေကျဆင်းမှုကို ခံစားကြရလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံလူဦးရေ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဥ်ပါက လာမည့် ၂၀၂၂ ခုနှစ် နှစ်အစ တွင် ဆင်းရဲနွမ်းပါးမှုနှုန်း ၂ ဆကျော် ပိုများလာနိုင်ကြောင်း သုံးသပ်ထားသည်။
“အဆင်းရဲဆုံးနဲ့ ထိခိုက်လွယ်တဲ့သူတွေရဲ့ အလုပ်အကိုင် ဆုံးရှုံးမှု၊ ဝင်ငွေလျှော့ကျတာတွေ၊ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာဖူလုံမှု အန္တရာယ် မြင့်တက်လာနဲ့ လူမှုဖူလုံရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတာပိုများလာပါတယ်။ အဲဒီလူတွေထဲမှာ မနှစ်က အဆိုးရွား ဆုံး ထိခိုက်ခဲ့သူတွေလည်း ပါဝင်နေတာဖြစ်တယ်”ဟု ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံတို့မှ ကမ္ဘာ့ဘဏ်ညွှန်ကြားရေးမှူး Mariam Sherman က ပြောသည်။
ဝင်ငွေနည်းပါးလာခြင်း၊ ဆန္ဒပြမှုများ ဖြစ်ပွားခြင်းနှင့် အလုပ်သမား ပြတ်လပ်မှုတို့ကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး စသည့် အရေးပါသော စီးပွားရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေးကဲ့သို့သော အများပြည်သူများကို ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ အနှောင့်အယှက် ဖြစ်စေခြင်းတို့ကြောင့် ထိခိုက်ခဲ့ရသည်။
ပုံ- စီးပွားရေးကျဆင်းမှုနဲ့ ကိုဗစ်ကာလ ဖြတ်သန်းမှု ခက်ခဲတဲ့ ပြည်သူလူထုအတွက် ငွေတစ်ကျပ်နဲ့ဆန်-ကြက်ဉရောင်းပေးလို့ရတဲ့ငွေ
ထို့အပြင် ဘဏ်ခွဲပြန်လည် ဖွင့်လှစ်ခြင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြားဝင်ဆောင်ရွက်မှုများစွာ ရှိသော်လည်း ငွေကြေးပိုင်းဆိုင်ရာမှာ လိုအပ်နေဆဲဖြစ်ပြီး ဘဏ်လုပ်ငန်းနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကိုလည်း အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နေရဆဲ အချိန်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အစီအရင်ခံစာက ဖော်ပြထားသည်။
ယခု ဇူလိုင်လလယ်ခန့်တွင် မြန်မာကျပ်ငွေသည် ဇန်နဝါရီလနှောင်းပိုင်း မှစ၍ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၂၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး ကုန်သွယ်မှုပြတ်တောက်ခြင်း၊ လောင်စာအပါအဝင် သွင်းကုန်၊ ထုတ်ကုန်များအတွက် စျေးနှုန်း များ လျင်မြန်စွာ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် တချို့သော သီးနှံများတွင် လက်ကားဈေးနှုန်း နိမ့်ကျခြင်း၊ သွင်းအားစု စျေးနှုန်းများ မြင့်တက်ခြင်းနှင့် ချေးငွေ လက်လှမ်းမီမှု အကန့်အသတ် ရှိခြင်းတို့ကြောင့် လယ် သမားများ ထိခိုက်ခဲ့ကြောင်း အစီအရင်ခံစာက ဆိုသည်။
“မေလနဲ့ ဇွန်လတုန်းက တချို့နေရာတွေမှာ အသွားအလာ တိုးတက်လာတာ၊ ထောက်ပံ့ ပို့ဆောင်ရေး ဖြေလျော့ပေးတာ တည်ငြိမ်မယ့် အလားအလာတွေ ပြန်အစပျိုးလာပေမယ့် ယေဘုယျအနေနဲ့ကတော့ စီးပွားရေးလည်ပတ်နိုင်မှု အားနည်းနေ ဆဲဖြစ်ပြီး Covid-19 ပိုများလာတာကြောင့် ဇူလိုင်အကုန်ပိုင်းမှာ နောက်ထပ်စီးပွားကျုံ့ဝင်လာဖွယ်ရှိပါတယ်” ဟု ကမ္ဘာ့ဘဏ် အကြီးတန်းစီးပွားရေးပညာရှင် Kim Alan Edwards က ပြောသည်။
အထူးသဖြင့် ပြည်သူ့ကျန်းမာရေး စနစ်တွင် လုံလောက်စွာ တုန့်ပြန်ရန် စွမ်းရည်မရှိခြင်းကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေသည့် COVID-19 တတိယ လှိုင်းကလည်း ပြည်သူများ၏ ဘဝ၊ အသက်မွေးဝမ်းကျောင်းမှုနှင့် စီးပွားရေးကို ချက်ချင်း ခြိမ်းခြောက်နေကြောင်း ၎င်းက ဆိုသည်။
#ကမ္ဘာ့ဘဏ်
#မြန်မာ့စီးပွားရေး
#ကျဆင်း
#မြန်မာနိုင်ငံ
#ကျန်းမာရေး
#ကိုဗစ်၁၉
#နိုင်ငံရေးမတည်ငြိမ်မှု
#မြန်မာနိုင်ငံ
#CNImyanmar
#cninews