CNI News
၂၀၂၁ခုနှစ်၊ ဇူလိုင် ၂၁
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှ စတင်၍ ခြောက်လအတွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ရပြီး အလုပ် အကိုင်ပေါင်း (၁၂)သိန်းကျော် ဆုံးရှုံးခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)က ထုတ်ပြန်သည့် အစီအရင်ခံစာတွင် ဖော်ပြထားသည်။
ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကြောင့် စီးပွားရေး အားလျော့နေခဲ့သည့် မြန်မာနိုင်ငံတွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် လုပ်ငန်းများ အားလုံးတုံ့ဆိုင်းရပ်တန့် သွားခဲ့ရပြီး ခြောက်လတာအတွင်း အလုပ်သမား (၁၂)သိန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ILO အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr Donglin Li က “မြန်မာနိုင်ငံက ကိုဗစ်ပထမလှိုင်းကြောင့် စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာပါ။ အခုနှစ်မှာတော့ မြန်မာ ပြည်သူ တော်တော်များများက ဆင်းရဲ မွဲတေတဲ့အဆင့်ထိကို ရောက် လာနိုင်တဲ့အထိ အလုပ်သမားဈေးကွက်က သိသိသာသာ ဆိုးဝါး ထိခိုက်လာတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်”ဟု ပြောသည်။
ယခု ၂၀၂၁ ခုနှစ် ပထမ ခြောက်လကာလအတွင်း အလုပ်ချိန် ၁၄ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ရခြင်းက အချိန်ပြည့် အလုပ်သမား အနည်းဆုံး (၂)သန်းကျော်၏ အလုပ်ချိန်နှင့် ညီမျှပြီး အလုပ်ချိန်နှင့် အလုပ်လက်မဲ့များတွင် အမျိုးသမီးများက အမျိုးသားများ ထက် ပို၍ ထိခိုက်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
လက်ရှိတွင် ကိုဗစ် ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးနှင့် ဆိုင်သောဖိစီးမှုများ၊ အလုပ်အကိုင်များနှင့် အသက် မွေးဝမ်းကြောင်းလုပ်ငန်းများကို ခြိမ်းခြောက် လျက်ရှိနေပြီး ဆောက်လုပ်ရေး၊ အဝတ်အထည်၊ ခရီးသွားလုပ်ငန်းနှင့် အခြား သော စီးပွားရေး လုပ်ငန်းဆက်တာများ အားလုံးပေါ်တွင် အကျိုးသက်ရောက်မှု ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ပုံ-နေ့စား အလုပ်သမားများကိုတွေ့ရစဉ်(ILO)
ရွှေလင်ဗန်းစက်မှုဇုန်မှ စက်ရုံပိုင်ရှင်တစ်ဦးက “ဘဏ်စနစ်နဲ့ ငွေကြေးအခက်အခဲတွေကြောင့် ပိတ်လာတဲ့ စက်ရုံတွေ များလာတယ်။ ရွှေလင်ဗန်း စက်မှုဇုန်မှာလဲ ပိတ်သိမ်းခွင့်တွေ လာတင်ထားတဲ့ စက်ရုံတွေ ခပ်စိပ်စိပ် တွေ့နေရပါပြီ။ ယခင်က စက်မှုဇုန်မှာ ဝန်ထမ်း ဦးရေ ၁၂၀၀၀၀ ခန့်ကနေ ယခုလမှာတော့ ၇၀၀၀၀ ကျော်အထိ ကျဆင်းလာတာလဲ တွေ့ရ ပါတယ်” ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
CNI သတင်းဌာနမှ အဆိုပါ လုပ်ငန်းရှင်ကို ဆက်သွယ်မေးမြန်းရာ "ဘဏ်နဲ့ ငွေကြေး အခက်အခဲကြောင့် လုပ်ငန်းတွေကို မူလ လုပ်နိုင်စွမ်းအားရဲ့ ၃၅% ကနေ ၅၀% ခန့်အထိသာ လုပ်လာနိုင်ပြီး စီးပွားရေးလုပ်ငန်းများ ကျုံ့လာနေသဖြင့် ယင်းပြဿနာ ကို အချိန်မီ မဖြေရှင်းနိုင်ပါက နိုင်ငံ၏ စီးပွားရေး၊ ငြိမ်းချမ်းရေးအပြင် ပတ်ဝန်းနိုင်ငံများ၏ တိုးတက်မှုကြား တွင် ဇောက်ထိုး ဆွဲချသွားနိုင်ကြောင်း" ပြောသည်။
ယခုနှစ် ပထမနှစ်ဝက်တွင် ထိုကဏ္ဍများအားလုံး၏ အလုပ်အကိုင် ခန့်မှန်းချက်မှာ ၃၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ အသီး သီး ကျဆင်းသွားနိုင်ကြောင်း ဆိုထားသည်။
အလုပ်အကိုင် ဆုံးရှုံးမှုများ အနေနှင့်လည်း ၂၀၁၉ နောက်ဆုံး သုံးလပတ်နှင့် ယှဉ်ပါက ပိုမိုကြီးမားနေပြီး လူပေါင်း ၃ ဒသမ ၂ သန်းခန့် သို့မဟုတ် အလုပ်သမား စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းသည် အလုပ်အကိုင် မရှိတော့ကြောင်း ILO ၏ ထုတ်ပြန်ချက် အရ သိရသည်။
#ILO #အလုပ်အကိုင်ဆုံးရှုံး #၁၂သိန်းကျော် #မြန်မာနိုင်ငံ #အမျိုးသမီး #စီးပွားရေး #ကိုဗစ်၁၉ #အာဏာသိမ်း #ခြောက်လအတွင်း #စီးပွားရေးလုပ်ငန်းများ #CNImyanmar #cninews