CNI News
ဘန်ကောက် ဇူလိုင် ၁၄
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ လာရောက်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားများကို အုပ်စု ၄ ခုခွဲ၍ လာမည့်နှစ်(၂၀၂၂ ခုနှစ်)ဇူလိုင်လ ၂၇ ရက်အထိ ထိုင်းနိုင်ငံ အတွင်း တရားဝင်နေထိုင်ခွင့် သက်တမ်းတိုးပေးရန်နှင့် ယခင်အမိန့်အရ လိုအပ်နေဆဲဖြစ်သည့် အလုပ်လုပ်ကိုင်ခွင့် ပါမစ်များကို ခွဲခြားသတ်မှတ်ခွင့်ပြုရန် အဆိုပြုချက်ကို ထိုင်းအစိုးရ အဖွဲ့က အတည်ပြုခဲ့ကြောင်း ဘန်ကောက်ပို့စ်အွန်လိုင်းက ယနေ့ညနေပိုင်း သတင်းဖော်ပြသည်။
ထိုင်းအလုပ်သမားဝန်ကြီး စူချက်ချောင်ကလင်က ယင်းအဆိုပြုချက်ကို ဇူလိုင် ၁၃ ရက်၊ အင်္ဂါနေ့က ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြခဲ့ခြင်းဖြစ်သည်။ ယခင်က အဆိုပါနိုင်ငံ ၃ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများကို ဝန်ကြီးချုပ်၏ဆုံးဖြတ်ချက် ၃ ခုဖြင့် ယာယီနေထိုင်ခွင့်နှင့် အလုပ် လုပ် ကိုင်ခွင့်တို့ကို ခွင့်ပြုခဲ့သော်လည်း ၎င်းတို့အတွက် ခွင့်ပြုချက်သက်တမ်းတိုးခြင်းမှာ မကြာမီ ကုန်ဆုံးတော့မည်ဖြစ်သည်။ ထို့ပြင် Covid-19 ကူးစက်မှုကြောင့် နယ်စပ်များ ပိတ်ထားရဆဲဖြစ်၍ တစ်စုံတစ်ရာ အရေးယူ ကိုင်တွယ်ခြင်း မရှိပါက ရွှေ့ပြောင်း လုပ်သားအချို့မှာ တရားမဝင်ဖြစ်လာနိုင်ကြောင်း ဘန်ကောက်ပို့စ်က ဆက်လက်ရေးသားဖော်ပြသည်။
ယခု ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်အသစ်တွင်မူ နိုင်ငံတွင်းရှိ ရွှေ့ပြောင်းလုပ်သမားများကို လာမည့်နှစ် ဇူလိုင်လအထိ ဆက်လက် နေထိုင်ခွင့်ပြုရန်၊ ၎င်းတို့၏ အလုပ်အကိုင် အခြေ အနေကို ခွဲခြားသတ်မှတ်ရန်နှင့် အလုပ်လုပ်ခွင့် ပါမစ်မှတ်တင် ရန် ထည့်သွင်းဆုံးဖြတ်ခဲ့ကြောင်း မစ္စတာစူချက်က အတည်ပြုပြောကြားခဲ့သည်။ Covid-19 ကန့်သတ်ချက်များကြောင့် စီးပွားရေးကျဆင်းနေခဲ့ရာ အလုပ်အကိုင်ဆုံးရှုံးခွဲ့သော ရွှေ့ပြောင်းလုပ်သားများ အနေ ဖြင့် ယခုအခါ အလုပ်သစ်ရှာဖွေရန်နှင့် ရွှေ့ပြောင်းလုပ် သားအဖြစ် မှတ်ပုံတင်ရန် ရက်ပေါင်း ၆၀ အချိန်ရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားရေးရာဦးစီးဌာန ညွှန်ကြားရေးချုပ် Pairoj Chotikasatien က ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုင်းပြည်သူ့ကျန်းမာရေးအတွက် လိုအပ်ချက်များရှိနေ၍ အဆိုပါလုပ်သားများ လုံခြုံရေးနှင့် ကျန်းမာရေး ကောင်းမွန်စေရန် ဂရုတစိုက် ကြိုးပမ်းလုပ်ဆောင်ပေးနေကြောင်း အလုပ်သမားဝန်ကြီး မစ္စတာစူချက်က ထည့်သွင်းပြောကြားခဲ့သည်။
#ထိုင်း #ရွှေ့ပြောင်းလုပ်သား #အလုပ်သမား #မြန်မာ #ကမ္ဘောဒီးယား #လာအို #covid19 #migrant #workers #labour #Thailand