CNI News

၂၀၂၁ ခုနှစ်၊ဇူလိုင် ၁၄

မဲခေါင်မြစ်ဝှမ်းအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက တရုတ်ရင်းနှီးမြှပ်နှံမှု စီမံကိန်းတွေရဲ့ လုံခြုံရေးကို အကာအကွယ် ပေးနိုင်ဖို့အတွက် ရင်းနှီးမြှပ်နှံတဲ့ ကုမ္ပဏီတွေဟာ တရုတ်အခြေစိုက် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေကို ငှားရမ်း အသုံးပြုမှု များပြားလာခဲ့ပါတယ်။

အထူးသဖြင့်တော့ ဒေသခံတွေ ကန့်ကွက်ခံရမှု ရှိနေတဲ့ စီမံကိန်းနဲ့ လုပ်ငန်းတွေ အပါအဝင် ဘေးအန္တရာယ်ကျရောက်နိုင်ပြီး စွန့်စားရတဲ့ လုပ်ငန်းတွေအတွက် အဓိက ရည်ရွယ်အသုံးပြုလာတာလို့ သုတေသနတရပ်က ဆိုတယ်။

အမေရိကန် အခြေစိုက် C4ADS Center for Advanced Defense Studies အဖွဲ့ရဲ့ သုတေသန တွေ့ရှိချက်အရတော့ တရုတ် နိုင်ငံမှာ လုံခြုံရေး ကုမ္ပဏီ ပေါင်း ၄၉ ခုရှိတဲ့အနက် ၂၉ ခုဟာ ကမ္ဘောဒီးယား၊ မြန်မာတို့မှာ လုပ်ကိုင်နေတာ ဖြစ်တယ်လို့ သုတေသနက ဖော်ပြပါတယ်။ အဲဒီနှစ်နိုင်ငံနောက်မှာတော့ မလေးရှားနိုင်ငံက တည်ရှိပါတယ်။
အဲဒီ သုတေသန ဖော်ပြချက်အရတော့ C4ADS ရဲ့ သုတေသနအရတော့ တရုတ်လုံခြုံရေး ကုမ္ပဏီတွေဟာ ၂၀၁၃ ခုနစ်ကနေ စတင်လို့ အရှေ့တောင် အာရှနိုင်ငံတွေမှာ တစ်စတစ်စ များပြားလာတယ်လို့ ဆိုပါတယ်။

ဘာကြောင့် အခုလို တရုတ်စီမံကိန်းတွေ ရှိတဲ့နိုင်ငံတွေမှာ တရုတ်လုံခြုံရေး ကုမ္ပဏီတွေ များပြားလာနေသလဲဆိုတာကို ဒီနောက်ကွယ်မှာ ဘယ်လို အကြောင်းအရင်းတွေ ရှိနေသလဲဆိုတာကို C4ADS က တိတိပပ မဖော်ပြပေ မယ့် အခုလို လှုပ်ရှားမှုဟာ သမ္မတ ရှီကျင့်ဖိန်ရဲ့ ရည်မှန်းချက် စီမံကိန်းဖြစ်တဲ့ BRI ပိုးလမ်းမ ရပ်ဝန်း စီမံကိန်း အရှိန်မြှင့်တင်လာချိန်နဲ့ တိုက်ဆိုင်နေတာပါ။

ဒေါ်လာဘီလီယံချီ အသုံးပြုတဲ့ ဒီစီမံကိန်းတွေနဲ့အတူ တရုတ်ကုမ္ပဏီ အများ အပြားဟာ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ အခွင့်အလမ်းတွေကို ရှာဖွေရင်း ရင်းနှီးမြှပ်နှံမှုတွေ၊ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်နေကြတာပါ။

တရုတ်လုံခြုံရေး ကုမ္ပဏီတွေဟာ အမေရိကန်လုံခြုံရေး ကုမ္ပဏီတွေလိုပဲ နိုင်ငံ ရပ်ခြား အထူးသဖြင့် အန္တရယ်များတဲ့ ဒေသတွေက ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေ အတွက် အမျိုးမျိုးသော လုံခြုံရေး လုပ်ငန်းစဉ်တွေနဲ့ အကာ အကွယ် ပေးရေး လုပ်ငန်းတွေကို လုပ်ဆောင်ကြရပါတယ်။
အထူးသဖြင့်ကတော့ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတွေမှာပါ။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟောင်း မစ္စတာရှောင်ရင်ဘိုရဲ့ ၂၀၁၇ ခုနစ်က မှတ်ချက်တစ်ခုမှာတော့ “ပေကျင်းအနေနဲ့ နိုင်ငံရပ်ခြားမှာ လုပ်ကိုင်နေတဲ့ ဒီပုဂ္ဂလိက လုံခြုံရေးအသင်းအဖွဲ့တွေကို ပိုအားကောင်းအောင် မြှင့်တင် ပံ့ပိုးမှုတွေ လုပ်ပေးဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နိုင်ငံ အနေနဲ့ အမေရိကန်လို ရေတပ်အင်အား ကောင်း ကောင်းနဲ့ နိုင်ငံရပ်ခြားကို မစေလွှတ်နိုင်လို့ ဖြစ်တယ်’’လို့ သူက ပြောကြောင်း ဖော်ပြထားပါတယ်။

တဖက်မှာလည်း ကမ္ဘောဒီးယား ၊ လာအိုတို့လို နိုင်ငံတွေမှာတော့ တရုတ်ရဲ့ ရဲဌာနတွေကို သက်ဆိုင်ရာနိုင်ငံရဲ့ ရဲဌာနချုပ်တွေ မှာ တွဲဖွင့်ထားပြီး တရုတ်စီမံ ကိန်းတွေနဲ့ ပတ်သက်တဲ့ လုံခြုံရေး အခြေအနေတွေကို စုဆောင်းမှတ်တမ်း တင်တာ၊ တရုတ် နိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ ရာဇဝတ် ကျူးလွန်သူတွေကို စုံစမ်းထောက်လှမ်းပြီး သက်ဆိုင်ရာ နိုင်ငံတွေကို ဖမ်းဆီး ခိုင်းတာမျိုးတွေ လုပ်နေပါတယ်။

သုတေသန စာတမ်းကိုရေးသားတဲ့ ဘန်စပက်ခ့်ဗက်ကတော့ “တရုတ်ကုမ္ပဏီ တွေရဲ့ ရင်းနှီးမြှပ်နှံမှုတွေ ရှိနေတဲ့ ဒေသတွေက လုံခြုံရေးဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ် တွေနဲ့ စိန်ခေါ်မှုတွေဟာ နိုင်ငံရပ်ခြားမှာရှိတဲ့ တရုတ်ရင်းနှီးမြှပ်နှံမှုတွေအပေါ် သက်ရောက်မှု ရှိနေတယ်လို့ တရုတ်ကုမ္ပဏီတွေရဲ့ အင်တာနက်ဝက်ဆိုဒ် စာမျက်နှာတွေမှာ မကြာခဏ ဖော်ပြတာတွေ့ရတယ်‘’ လို့ မှတ်ချက် ပြုပါ တယ်။

မြန်မာ ၊ လာအို ၊ ကမ္ဘောဒီးယား ၊ ဗီယက်နမ်နဲ့ထိုင်း နိုင်ငံ (၅)နိုင်ငံမှာ တရုတ် နိုင်ငံက ဦးဆောင် အကောင်ထည်ဖော်နေတဲ့ အထူးစီးပွားရေးဇုန်တွေ ရင်းနှီး မြှပ်နှံမှု လုပ်ငန်းတွေကို အလေးထား လေ့လာထားတဲ့ C4ADS အဖွဲ့ရဲ့ စာမျက် နှာ ၆၅ မျက်နှာ ပါ အစီအရင်ခံစာမှာ စီးပွားရေးဇုန်နဲ့ ရင်းနှီးမြှပ်နှံမှု လုပ်ငန်း တွေက ဘယ်လောက် အခွင့်အလမ်းနဲ့ အကျိုးကို သယ်ဆောင် လာသလဲ၊ ဒီလုပ်ငန်းတွေဟာ ဘယ်လို အန္တရယ်နဲ့ စွန်းစားရမှုတွေကို ရင်ဆိုင်နေရသလဲ ၊ လုပ်ငန်းတွေကြောင့် အစိုးရတွေ အနေနဲ့ ဘယ်လို အခက်အခဲတွေကို ကြုံနေရ တာမျိုးကအစ ဖော်ပြထားပါတယ်။

စီးပွားရေးဇုန်တွေရဲ့ ဒီဇိုင်းတည်ဆောက်မှုအရတော့ ရင်းနှီးမြှပ်နှံသူတွေကို အကျိုးအမြတ် မက်လုံးပေးပြီး နိုင်ငံခြား ဒေါ်လာ တွေကို ဝင်လာစေဖို့နဲ့ ဆွဲဆောင်ထားတာဖြစ်ပြီး ကန့်သတ်မှု အနည်းငယ်သာရှိတဲ့ နည်းဥပဒေတွေက စီးပွားရေး လုပ်ကိုင်ဖို့ လွယ်ကူစေတယ်။ ဒါပေမယ့်လည်း သေချာရေရာတဲ့ ကြီးကြပ်စစ်ဆေးစီမံခန့်ခွဲမှုတွေ မရှိခဲ့ရင် ဒီနေရာတွေက အကျင့်ပျက် ခြစားမှု တွေအပါအဝင် ရာဇဝတ်မှု အခြေတည်ရာဒေသတွေ ဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

“အချိန်မတိုင်မှီ စီးပွားရေး ဖွံဖြိုးမှုတွေ ရကောင်းရနိုင်တဲ့ အလားအလာတွေ ရှိပေမယ့် ဒါက အမြဲတမ်းလည်း မဖြစ်နိုင်ပါ ဘူး။ ဒီဇုန်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လွယ်ကူစွာ မရနိုင်တာတွေကလည်း ပြဿနာ တခုပါပဲ။ လက်ရှိ မှာ အကျိုးအမြတ် ရနိုင်ပေမယ့်လည်း ပြင်ပက သက်ရောက် မှုတွေကြောင့် အကျိုးအမြတ်က လျော့နည်း ကျဆင်းနိုင်ပါ တယ်“လို့ စပက်ခ့်ဗက်က မှတ်ချက်ပြုပါတယ်။

ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေ မရှိခဲ့ရင် ဒီစီးပွားရေးဇုန်တွေက ဥပဒေနဲ့ ဆန့်ကျင် တဲ့ လုပ်ငန်းတွေအတွက် အရောင်းအဝယ် လုပ်ရာနေရာတွေ ၊ ငွေမဲခဝါချ လုပ် ငန်းတွေ ၊ ပထဝီနိုင်ငံရေးအရ ခြေပုန်းခုတ်တဲ့ နေရာတွေ ဖြစ်လာလိမ့်မယ်လို့ အဲဒီ သုတေသနစာတမ်းက ဆိုပါတယ်။

လာအိုမှာရှိတဲ့ ရွှေတြိဂံ အထူးစီးပွားရေးဇုန်ကတော့ တရားမဝင်လုပ်ငန်းတွေ ငွေခဝါချလုပ်ငန်းတွေနဲ့ နာမည်ဆိုးဖြင့် ကျော် ကြားတဲ့ စီးပွားရေးဇုန်ဖြစ်နေပြီး အဲဒီဇုန်ဥက္ကဌ ဇောင်းဝေကို တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက် ကားခြင်း၊ အရွယ်မရောက်သေးသူများအား ပြည့်တန်ဆာအဖြစ် စေခိုင်းမှု၊ ရှားပါးတိရစ္ဆာန်ပစ္စည်းများ တရားမဝင် ရောင်းဝယ်ဖောက် ကား မှုတွေနဲ့ ဆက်နွှယ်သူဖြစ်တယ်ဆိုပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စွပ်စွဲ ထားပါတယ်။
ဇောင်းဝေ အနေနဲ့ သူ့ရဲ့ စီးပွားရေးဇုံကို သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်မြောက် နယ်မြေအဖြစ် အလွဲသုံးစား အသုံးချနေတယ် လို့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC ကလည်း ထောက်ပြထားပါတယ်။

Ref, CNN
#တရုတ် #လုံခြုံရေး #စီးပွားရေး #ရင်းနှီးမြှပ်နှံမှု #မဲခေါင်မြစ်ဝှမ်း
#အရှေ့တောင်အာရှ #C4ADS အဖွဲ့ #မြန်မာနိုင်ငံ