CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၁
ယခုရက်ပိုင်းအတွင်း ဗဟိုဘဏ်မှ လေလံပစ်သည့် ဒေါ်လာဈေးနှုန်းများ မြင့်နေ ခြင်း၊ နယ်စပ်ငွေလဲလှယ်နှုန်းများ မြှင့်လာခြင်း နှင့် ကမ္ဘာ့ရွှေတစ်အောင်စ အမေရိကန်ဒေါ်လာ ၁၇၀၀ ရှိရာမှ စတက်လာသည်မှာ လက်ရှိတွင် ဒေါ်လာ ၁၈၀၀ ကျော်ထိ ရောက်ရှိ လာသောကြောင့် မြန်မာ့ရွှေဈေးထပ်တက်ရန် အလား အလာများ ရှိနေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
“အဓိကတော့ COVID-19 ကြောင့်ပါပဲ နည်းနည်းလည်း တက်လိမ့်အုံးမယ်လို့ ထင်ပါတယ်။ စက်တင်ဘာ၊ နိုဝင်ဘာ၊ အောက်တိုဘာ၊ ဒီဇင်ဘာဆိုတာက လည်း တစ်ကမ္ဘာ့လုံးမှာ ရွှေဈေးတက်တဲ့ ရာသီ ဖြစ်တယ်။ ကိုဗစ်ကလည်း အခု ပြန်ထလာတော့ လုပ်ငန်းတွေက ရွှေဘက် ပြန်လှည့် လုပ်လာကြတယ်။ ဒါကြောင့် ရွှေဈေးက အတက်ဘက်မှာပဲ အလားအလာ ရှိနေတယ်”ဟု ၎င်းက ပြောသည်။ မြန်မာ့ရွှေဈေးသည် ဇူလိုင်လ ၁ ရက်တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ် သား ကျပ် ၁၅ သိန်း ၆ သောင်းကျော် ရှိခဲ့ရာမှ ယနေ့တွင် ကျပ် ၁၅ သိန်း ၈ သောင်းကျော်အထိ ၁၀ ရက်အတွင်း ကျပ် ၂ သောင်းကျော် တစ်ရိပ်ရိပ်မြှင့် တက်လာသည်။ ထို့ပြင် ကမ္ဘာ့ရွှေဈေးသည်လည်း ဇူလိုင်လ ၁ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀ ကျော်ရှိခဲ့ရာမှ ယနေ့တွင် ၁၈၀၀ ကျော်အထိ မြှင့်တက်လာခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေးများမြှင့်တက်နေခြင်း၊ ဒေါ်လာငွေလဲလှယ်နှုန်းများ မြှင့်နေခြင်းတို့ ကြောင့် မြန်မာ့ရွှေဈေးမှာ လိုက်ပါမြှင့်တက် လာသည့် အပြင် COVID-19 ကူးစက်မှုနှုန်းမြင့်လာခြင်းကြောင့်လည်း လုပ်ငန်းလုပ်ကိုင်သူများက ရွှေဘက်သို့ ဦးလှည့်လာ သောကြောင့် မြန်မာ့ရွှေဈေး တက်ရန် အလားအလာများ ရှိနေ ကြောင်း သိရသည်။ ရွှေဆိုင်ပိုင်ရှင်လည်း ဖြစ်သူ ဦးမျိုးမြင့်က“ဈေးကွက်မှာတော့ အဝယ်ထက် အရောင်းကသာ ပိုများနေတယ်။ နယ်စပ်က ရွှေကလည်း တွင်းထွက်နည်းတော့ ရန်ကုန် ဘက်ကို စီးဝင်မှုနည်းတယ်။ နယ်စပ်ကနေ ပြည်ပကို ရွှေတရားမဝင် ထွက်နေတာကလည်း အခုက အစစ် အဆေးတွေ အရမ်းများတော့ ဒီဈေးကွက် က အဝင်အထွက် နည်းနေတယ်”ဟု ပြောသည်။ အထက်ပါ လတ်တလော အခြေအနေများကြောင့် မြန်မာ့ရွှေဈေးမှာ ပုံမှန်ဈေး ပြန်ဖြစ်ရန် အလားအလာ နည်းနေကြောင်း အချိန်တစ်ခုကို စောင့်ရမည်ဖြစ် ကြောင်း ရွှေကုန်သည်များက သုံးသပ်ထားသည်။
ရွှေဘုံသာလမ်းရှိ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက “ကျနော်တို့ ဆိုင်မှာတော့ အရောင်းပဲ အရမ်းများတယ်။ အဝယ်ကတော့ နည်းတယ်။ မရှိသလောက်ပဲ။ ဒါပေမယ့် အခုက ငွေဈေးကလည်း ဆွဲတင်ထားတယ်။ ပြီးတော့ ကမ္ဘာ့ရွှေဈေးတွေက ဆက်တိုက်မြင့်နေတော့ ဈေးက တက်နေတာ”ဟု ရှင်းပြသည်။ မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဩဂုတ်လက ၁ ကျပ်သားလျှင် အမြင့်ဆုံး ကျပ် ၁၃ သိန်းဝန်းကျင်အထိ တက်ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရွှေဈေးကွက် ပိတ်လိုက်ရသည် အထိ ဈေးနှုန်းများ မြှင့်တက်ပြောင်းလဲခဲ့သည်။
လက်ရှိ ရန်ကုန်ရွှေဈေးကွက်တွင် ယခင်က တစ်ရက်လျှင် ရွှေပိဿချိန် ၅၀ ခန့် အရောင်းအဝယ်ရှိခဲ့ရာမှ ယခုကာလတွင် တစ်ရက် ရွှေပိဿချိန် ၅ ပိဿမှ ၁၀ ပိဿ ကြားသာ အရောင်းအဝယ်ဖြစ်နေပြီး လာမယ့်ရာသီကာလ ကလည်း ရွှေဈေးအရောင်းအဝယ်လုပ်သည့် ကာလဖြစ်သောကြောင့် ရွှေကုန်သည်များ အနေနှင့် သတိထားကာ ဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ် ကြောင်း သိရသည်။