အများစု အသုံးပြုသည့် တစ်ခါသုံး Nurse Mask အခု ၅၀ ပါတစ်ဗူးလျှင် ယခင်က ငွေကျပ် ၁၀၀၀ သာ ရှိရာမှ ယခုအချိန်တွင် ငွေကျပ် ၃၅၀၀ အထိ ပေးကာ ဝယ် ယူနေရပြီး N95 နှင့် အခြား နှာခေါင်းစည်းတချို့က ဈေးကွက်တွင် လက်ကျန်ပစ္စည်း အနည်းငယ်သာ ရှိကာ ပစ္စည်းပြတ်နေကြောင်း ရွှေပြည်သာမြို့နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင် ဦးမြင့်ဝင်းက ပြောသည်။ “ပြန်ရောင်းဖို့ ဝယ်တာတောင် ပစ္စည်းက ဝယ်လို့က မရဘူး။ အရင် ဒီလအစက ဝယ်လှောင်ထားတဲ့ Mask တွေက အခု တစ်ရက် နှစ်ရက်အတွင်း ချက်ချင်းကုန်သွားတာ။ ဗူးနဲ့ မဟုတ်ပဲ အပြင် တစ်ခု ရောင်းတဲ့ဟာတောင် မရှိတော့အောင် ဖြစ်သွားတယ်။ အခု ရောင်း စရာမကျန်လို့ လက်ကားဝယ်နေကျဆိုင်တောင် ပြန် ဝယ်တာ မရဘူးဈေးက နေ့ချင်း၊ ညချင်းတက်တာ။ အရင်က လက်ကားဆို တစ်ဗူး ၇၀၀ ကျပ်နဲ့ ၈၀၀ ကျပ် လောက်ပဲရှိတယ်။ အခုက မရတော့ဘူး ငွေကျပ် ၂၀၀၀ ကျော်နေပြီ”ဟု ၎င်းက CNI သို့ပြောသည်။ ကိုယ်တိုင်အသုံးပြုရန်နှင့် တစ်ဆင့်ပြန်လည်ရောင်းချရန် ဝယ်ယူသူများလာသောကြောင့် ဈေးကွက်သဘောအရ ဈေးထိုးတက်သွားခြင်း၊ နယ်စပ်ဂိတ်များမှလည်း ပစ္စည်းအဝင် နည်းလာသောကြောင့် ဈေးတက် လာခြင်း စသည့်အကြောင်းတို့ကြောင့်ဈေးတက်လာသည့် အပြင် ကိုဗစ်ရောဂါကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းမှာလည်းမြင့်နေသဖြင့် နှာခေါင်းစည်းဈေးများတက် လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ပြီးခဲ့သည့် ဧပြီ၊ မေနှင့် ဇွန်လများတွင် နှာခေါင်းစည်းရောင်းချမှုအနေနှင့် ဝယ်လိုအား ကျဆင်းကာ ပစ္စည်းလက်ကျန်လည်း အများအပြားရှိခဲ့ကြောင်း လက်ရှိတွင် ပြည်တွင်း နှာခေါင်းစည်းထုတ်လုပ်သည့် စက်ရုံများ ပြန်လည်ပတ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ Mask ထုတ်လုပ်ရေးအတွက် သွင်းကုန်ကြမ်းများကို အနီးစပ်ဆုံး တရုတ်နိုင်ငံမှ အဓိကတင်သွင်းခြင်းဖြစ်ပြီး လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးဂိတ်မှာလည်း ကပ်ရောဂါကြောင့် တရုတ်ဘက်မှ ကန့်သတ်ပိတ်ထားခြင်းတို့ကြောင့် သယ်ယူပို့ဆောင်ရေး တွင် အခက်အခဲများ ရှိနေသည်။ အင်းစိန်မြို့နယ်ရှိ အိမ်ရှင်မ တစ်ဦးက “ညကပဲ နှာခေါင်းစည်း တစ်ဗူးဝယ်တော့ ငွေကျပ် ၃၀၀၀ တဲ့ အခုမနက်ကျ ၃၅၀၀ ဖြစ်သွားတယ်။ ဈေးက အမျိုးမျိုးတက်နေတာ။ အလုပ်တွေပါးလို့ ဝင်ငွေပါးတဲ့ ဒီလို ကာလမှာမှ မဖြစ်မနေ ကပ်ရောဂါအတွက် သုံးရမယ့် Mask ဈေးတွေက တက်တော့ အကုန်ကြပ်ကုန်ရော”ဟု ညည်းညူပြောပြသည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် သြဂုတ်လအတွင်းက နှာခေါင်းစည်း Mask တစ်ဘူးလျှင် ငွေကျပ် ၁၀၀၀၀ ကျော် အထိ မြင့်တက်ခဲ့ကြောင်း ဈေးကွက်တွင်းမှ သိရသည်။ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း တို့ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ယမန်နေ့က ထပ်မံကြေညာ ထားသည် ။ ထို ဥပဒေအရ ပုံမှန်ထက် ဈေးတင် ရောင်းချပါက အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိ၊ ငွေဒဏ် ကျပ် ငါး သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ကိုဗစ်ရောဂါပိုးသည် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့မှ ကူးစက်တတ်သဖြင့် ထိုနေရာများကို အကာအကွယ် တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောခြင်း၊ လူထူထပ်သော နေရာများကို ရှောင်ရှားခြင်း၊ မလိုအပ်ပဲ အိမ်အပြင်မထွက်ခြင်းတို့ကို ပြုလုပ်ရန်တိုက်တွန်းထားသည်။ လက်ရှိတွင် ကိုဗစ်အတည်ပြုလူနာ ၁သိန်း ၆ သောင်း ၈ ထောင်ကျော်ရှိပြီး ဇူလိုင် ၅ ရက်က ကိုဗစ်နှင့် သေ ဆုံး သူ ၄၂ ဦးရှိလာပြီ ဖြစ်သောကြောင့် သေဆုံးလူနာ ၃၄၆၁ ဦီး ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၅ ရက် ည၈ နာရီသတင်းတွင် ကြေညာထားသည်။
နှာခေါင်းစည်း (Mask)ဈေး သုံးဆကျော်မြင့်တက်
- By CNI
- Category: စီးပွားရေး
- Hits: 332