CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈
နေပြည်တော်တွင် စွမ်းအင်ဝန်ကြီးဌာနမှ ဓါတ်ဆီအမျိုးအစား RON-68 ဆီဆိုင်ဖွင့်လှစ်ကာ တစ်လီတာလျှင် ၂၂၀၀ ကျပ်ဖြင့် ရောင်းချပေးနေခြင်းသည် ရေတိုအတွက်သာ ကောင်းမွန်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေကြေးလေ့လာသူများက ထောက်ပြကြသည်။
RON-68 သည် ပြည်တွင်းစက်ရုံများမှ ထွက်ရှိသည့် ရေနံများအား ချက်ပြီး ရရှိလာသည့် ဓါတ်ဆီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ယာဉ်ကြီး၊ ယာဉ်ငယ်အများစုသည် 92, 95 စက်သုံးဆီအမျိုးအစားကိုသာ အဓိကအသုံးပြုနေကြ ခြင်းဖြစ်ပြီး ၎င်းဆီနေရာတွင် RON-68 ဆီကို ထည့်သွင်းအသုံးပြုမည်ဆိုပါက ရေရှည်တွင် ယာဉ်၏ အင်ဂျင်ပိုင်းကို ထိခိုက်စေနိုင်ကြောင်း ထောက်ပြကြသည်။
သို့သော် လက်ရှိ ရောင်းချပေးနေသည့် နှုန်းထားအရ သာမန်မော်တော်ယာဉ်များအတွက် အထောက်အပံ့ ဖြစ်စေ ကာ ရေတိုအတွက်တော့ ကောင်းမွန်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာန သို့ ပြောသည်။
“အထောက်အကူအနည်းနဲ့အများတော့ဖြစ်တာပေါ့။ 68 ဆိုတာ 92 ကြတော့ နားလည်တဲ့သူတွေ ပြောကြတာပေါ့ လေ။ 95 ပေါ့ ပြင်ပဆီထက်စာရင် 92, 95 က qualified မမီဘူးပြောကြတာကို။ 68 ဆိုတာတော့ 68 နဲ့ အဆင်ပြေ တဲ့ အင်ဂျင်တွေ လည်ပတ်မှုတွေအတွက်တော့ အဆင်ပြေတာပေါ့။ ကျနော်လည်း အင်ဂျင်နီယာ မဟုတ်တော့ နားမလည်ဘူး 68 ကို 92 ထဲ ထည့်မောင်းလို့ရလား၊ မရလား ကျနော်မသိဘူး။ တကယ်လို့ မောင်းလို့ရခဲ့ရင်တော့ ရေရှည်မှာ အင်ဂျင်ထိတာတို့ ဘာတို့ ဖြစ်တာပေါ့။ ဒါပေမယ့် လောလောဆယ် အနေအထားအရ မရှိတာထက် စာရင် ရောင်းပေးတယ်ဆိုတော့ တော်ရုံတန်ရုံ vehicle တွေ မော်တော်ယာဉ်တွေကတော့ သူတို့အတွက် supportive ဖြစ်တာပေါ့ ဒါတော့ ကောင်းပါတယ်။ လောလောဆယ် အနေအထားအတွက် ပြောတာလေ။ ကာလရှည်ကို ပြောတာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
စက်သုံးဆီထဲတွင် RON-100 မှာ အကောင်းဆုံးဟု သတ်မှတ်ထားခြင်းဖြစ်ပြီး RON-88 ကို အနိမ့်ဆုံးဟု သတ်မှတ် ထားခြင်းဖြစ်သည်။
ထို့ကြောင့် ယခုရောင်းချပေးသည့် RON-68 သည် အနိမ့်ဆုံးဟု သတ်မှတ်ထားသည့် RON-88 ထက် ၂၀ လျော့ကျ နေသဖြင့် မိမိတို့၏ ယာဉ်များ၊ စက်ပစ္စည်းများမှာ မည်သည့် RON အမျိုးအစားကို အသုံးပြုရမည်ဆိုသည်ကို သိရှိအောင် ဦးစွာလုပ်သင့်ကြောင်းလည်း ထောက်ပြကြသည်။
မော်တော်ကားဆီ ဖြည့်သွင်းနေစဉ်
စွမ်းအင်ဝန်ကြီးဌာနမှ ယခုကဲ့သို့ ထုတ်ရောင်းလာခြင်းသည် ၎င်းတို့အနေဖြင့် လုပ်နိုင်စွမ်းရှိသည်ကို ချပြလိုသည့် သဘောဖြစ်နိုင်ကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
ထို့ကြောင့် အစိုးရဌာနဆိုင်ရာအနေဖြင့်လည်း မိမိတို့ ရောင်းချပေးသည့် RON-68 သည် မည်သည့် ယာဉ် အမျိုး အစားအတွက်သာ အသုံးပြု၍ရကြောင်းကို အရောင်းဆိုင်များတွင် ရေးသားပြသထားသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
“လက်ရှိ ပြည်တွင်းမှာ အသုံးပြုနေတဲ့ ဆိုင်ကယ်က ထိုင်းနဲ့ တရုတ် နှစ်မျိုးရှိတယ်။ တရုတ်နိုင်ငံထုတ်တဲ့ အများစုကတော့ အနည်းဆုံး သတ်မှတ်ချက် RON-88, 90 လောက်သုံးမှ အဆင်ပြေနိုင်တယ်။ အဲဒီလိုမှမဟုတ်လို့ ကျခဲ့တယ်ဆိုရင် ၇၈ လောက်ပေါ့။ အခု ဒီ 68 ပဲရှိတဲ့ဆီကတော့ ဆီလို့ပြောရမှာတောင် တော်တော်ခက်ခက်ခဲခဲမှာ ဖြစ်တယ်။ ဒီလိုဟာမျိုးကို အစိုးရအနေနဲ့ ထုတ်ရောင်းတဲ့အခါမှာ မီးစက်တွေမှာ ထည့်မယ်ဆိုလည်း သူ့ထွက်နိုင်တဲ့ Watt ပေါ့နော် capacity။ load အားနဲ့ ဆီကပေးနိုင်တဲ့ ပေါက်ကွဲအားနဲ့ ဒီ မီးစွဲလောင်နိုင်မှုအနေအထားနဲ့က တကယ့်တကယ်မနိုင်မနင်းဖြစ်ရင် မီးစက်တွေပျက်နိုင်တဲ့အနေအထားဖြစ်တဲ့အတွက်ချင့်ချိန်ပြီး သုံးဖို့တော့ လိုတယ်။ နိမ့်တဲ့ဆီကိုသုံးပြီး ပုံမှန်ဆီကို ပြန်သုံးရင် တစ်ကြိမ်သုံးတာ ပြဿနာမရှိဘူး။ နှစ်ကြိမ်သုံးတာ ပြဿနာ မရှိဘူးဆိုပေမယ့် ကြာလာရင်တော့ ပြဿနာရှိတာပေါ့ ” ဟု ၎င်းက ပြောသည်။
RON-68 ဓာတ်ဆီအား နေပြည်တော်တွင် တစ်ဆိုင်၊ မန္တလေးမြို့တွင် နှစ်ဆိုင် ဖွင့်လှစ်ခဲ့ပြီး တောင်ငူမြို့ ဟင်းငုတ်ပင်ဓါတ်ဆီဆိုင်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ဓါတ်ဆီအရောင်းဆိုင်တို့ကိုလည်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။