CNI News

၂၀၂၄ ခုနှစ်၊ မေလ ၃၀

လာမည့် ဇွန်လ ၁ ရက်နေ့မှ စတင်၍ လမ်းတံတားကြေးများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းတံတားကြေးများကို ပမာဏ မည်မျှ တိုးမြှင့်ကောက်ခံမည်ကို ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း တိုးမြှင့်ကောက်ခံမည်ဆိုပါက ကုန်တင်ကားခ ဈေးနှုန်းများလည်း မြင့်တက်သွားမည်ဖြစ်သလို ပြည်သူများ ကုန်ဈေးနှုန်း မြင့်တက်သည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်သည်ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် များက ပြောသည်။

လက်ရှိတွင် မော်တော်ကားနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေခြင်းနှင့် ယာဉ်မောင်းခ၊ အလုပ်သမားခများ ဈေးနှုန်းမြင့်တက်နေခြင်းများနှင့် ကြုံတွေ့နေရသလို လမ်းကြေး၊ တံတားကြေး ဈေးနှုန်း မြင့်တက်မည်ဆိုပါက ကုန်တင်သည့် တန်ဆာခ ဈေးနှုန်းများလည်း အပြောင်းအလဲ ဖြစ်သွားမည်ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

လမ်းကြေးကောက်ခံနေစဉ်

၎င်းက “လမ်းကြေး၊ တံတားကြေးတွေ ဈေးတက်တော့ တန်ဆာခတွေတော့ နည်းနည်းလေးတော့ အပြောင်းအလဲ ရှိမှာပေါ့။ ဟိုကတက်လိုက်၊ ဒီကတက်လိုက်၊ ကားနဲ့ ဆက်စပ်ပစ္စည်းတွေ၊ စက်ချောဆီ၊ စက်သုံးဆီ၊ တာယာ ပစ္စည်းအစုံပေါ့၊ နောက်ပြီးတော့ ယာဉ်မောင်းခ အများကြီးပါပဲ စိတ်ညစ်စရာကြီး။ ကုန်ဈေးနှုန်းအပေါ်မှာတော့ သက်ရောက်မှာပေါ့။ အခုတောင်မှ ဈေးဝယ်ရင် အရင်လိုမှ သုံးလို့မှ မရတော့တာ။ အကုန်လုံး အာလူးတို့၊ ကြက်သွန်တို့၊ မီးဖိုချောင်သုံး ပစ္စည်းတွေလည်း ဈေးတက်မှာပဲလေ။ နောက် ကားခတွေလည်း ဈေးတက်တာပဲ လေ။ ကီလို ၄၀၀ ကျော်ပေါ့ ရန်ကုန် -  တောင်ကြီး ကီလို ၄၀၀ ကျော်က ၈ သောင်းခွဲလောက် ကျတာပေါ့။ ဒါပေမယ့် လမ်းမှာလည်း မမြင်ရတဲ့ စရိတ်တွေ အများကြီးရှိတာတယ်၊ ပြောလို့မရတဲ့ စရိတ်တွေ အများကြီး ရှိတယ်” ဟု ပြောသည်။

လမ်းကြေး၊ တံတားကြေး အသုံးပြုခနှုန်းထားများကို ကောက်ခံရာတွင် ဂိတ်တစ်ခုနှင့်တစ်ခု ကောက်ခံသည့်ပုံစံ မတူညီကြောင်း၊ တချို့သော ဂိတ်များသည် မော်တော်ကား၏ ဘီးအရေအတွက်ပေါ် မူတည်၍လည်းကောင်း၊ မော်တော်ကားနှင့် ကုန်တန်ချိန်ပေါ် မူတည်၍သော်လည်းကောင်း အမျိုးမျိုး ကောက်ခံကြခြင်းဖြစ်သည်။

မြို့ဝင်ကြေး၊ လမ်းကြေး၊ တံတားကြေးများကြောင့် ကုန်ဈေးနှုန်း မြင့်တက်မှုများ ရှိခဲ့သော်လည်း လက်ရှိ ပြည်တွင်းပို့ဆောင်ရေးလမ်းကြောင်း အခြေအနေများအရ ထိုကောက်ခံသည့် နှုန်းထားများသည် မပြော ပလောက်တော့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် တန်ဆာခ ဈေးနှုန်းများမှာ အတက်အကျ ဖြစ်ပေါ်နေ သည်ဟု ပြောင်းကုန်သည် ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

လမ်းကြေး ကောက်ခံသည့်ဂိတ်ကို စစ်ဆေးနေစဉ်

၎င်းက “ဒါတွေကတော့ တန်ဆာခ နည်းနည်းပါးပါး ပိုသွားတာလောက်ပါ၊ မပြောပလောက်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒါတွေက လမ်းကြေး၊ တံတားကြေးမှ မဟုတ်ဘူး။ အကြောင်းအမျိုးမျိုးကြောင့်လည်း တန်ဆာခတွေက တက်လိုက်ကျလိုက် သွားနေတာပဲ။ ဒါတွေက အရမ်းကြီး ဒါကြီးတစ်ခုကတော့ ပြဿနာကြီး တစ်ခုအနေနဲ့ ကုန်ဈေးနှုန်းတက်သွားတာတို့ လမ်းကြေးတက်သွားတာတို့ မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ တက်နေတာ တွေက ဆီဈေးကြောင့် တက်တာတွေရော၊ လမ်းကြောင်းမကောင်းလို့ တက်တာတွေရော၊ မျှော်မှန်းမထားတဲ့ ပြဿနာတွေကြောင့် တက်တာတွေရောဆိုတော့ မပြောပလောက်တော့ပါဘူး။ ဘယ်လိုခေါ်မလဲ မြန်မာစကားပုံ လိုပေါ့ ကြွေးထူရင် ဘာဖြစ်တယ်ဆိုလား အဲဒီလိုပေါ့နော် ဒီလောက်နဲ့တော့ ဘာမှ မဖြစ်တော့ဘူး” ဟု ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံလုံး၌ မြို့ဝင်ကြေးနှင့် လမ်းတံတား အသုံးပြုကြေး ကောက်ခံသည့် ဂိတ်ပေါင်း ၃၀၀ ကျော်ရှိပြီး NLD အစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဧပြီလမှစတင်၍ တိုင်းဒေသနှင့် ပြည်နယ်အလိုက် ဂိတ်ပေါက်း ၁၆၁ ဂိတ်ကို လမ်းတံတား အသုံးပြုခ ကောက်ခံခြင်း မပြုတော့ဘဲ ဖြေလျှော့ပေးထားကြောင်း သိရသည်။

သို့သော်လည်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ မြို့ဝင်ကြေး၊ လမ်းကြေးနှင့် တံတားအသုံးပြုကြေးများကို ပြန်လည်ကောက်ခံခဲ့ကြောင်း သိရသည်။