CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀

ထိုင်းတွင် နေထိုင်အလုပ်လုပ်ခွင့်ရရှိသည့် ဘတ်ပန်းရောင်ကဒ်အား မေလ၌ စတင်ပြုလုပ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ ထိုင်းအစိုးရဘက်မှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေး ကြောင်း ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းရှိ ဘတ်လုပ်ရန် ဝန်ဆောင်မှု ပေးနေသူများသည် အတွင်းသတင်းများ ရရှိတတ်ကြသော်လည်း ထိုင်းအစိုးရ ဘက်မှ တရားဝင် ထုတ်ပြန်ထားခြင်းမျိုး မရှိသေးသည့်အတွက် အတိအကျပြော၍ မရကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီ ဘတ်လုပ်တဲ့ကိစ္စက ဘတ်အသစ် ထွက်တဲ့ကိစ္စက ကျနော်တို့လည်း ကြားနေရတယ်။ ဒါပေမယ့် ဒီမှာက ခက်တာက နှစ် ပိုင်းရှိတယ်။ တစ်ပိုင်းက အစိုးရကနေ ဘာမှ မထုတ်သေးဘူး။ ကျနော်တို့ ဘာမှလည်း ပြောလို့ မရဘူး။ နောက်ပြီးတော့ ပြောရမယ်ဆိုရင် အေဂျင်စီ၊ ပွဲစားတွေ ဘတ်နဲ့ပတ်သက်ပြီး လုပ်တဲ့လူတွေ ကြတော့ သူတို့ကကြတော့ တစ်ခါတစ်လေ အတွင်း သတင်းတွေရတာရှိတယ်။ အဲဒါတွေက မှန်တယ်၊ မမှန်ဘူး လို့လည်း ပြောလို့တော့ မရဘူး။ ဥပမာ လုပ်လို့ရပြီဆိုရင်လည်း cabinet ကနေပြီးတော့ သူတို့ ဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချလိုက်ပြီဆိုရင်တောင် ချက်ချင်းမရသေးဘူး။ အဲဒီချမှတ်ပြီးနောက် တစ်ပတ် အတွင်းလား၊ နှစ်ပတ်အတွင်းလား တော်ဝင်ပြန်တမ်းကနေပြီး တရားဝင် ထုတ်ပြန်လိုက်မှ အဲဒါသည် အကျုံးဝင် တာပေါ့။ အဲဒီလို သတင်းမျိုးတော့ ကျနော်တို့ကြားတယ် ဒါပေမယ့် အတိအကျ ပြောလို့မရဘူး” ဟု ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အထောက်အထားမဲ့ လုပ်သားများပြားလွန်းသဖြင့် ဘတ်ပန်းရောင်ကဒ် ပြုလုပ်ခွင့်အား ထိုင်းအစိုးရဘက်မှ စတင်ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဘတ်ပန်းရောင်ကဒ် ပြုလုပ်ရန် ဖွင့်ပေး ခြင်းသည် အချိန်ကာလအား အတိအကျ သတ်မှတ်ချက်မျိုး မရှိကြောင်း သိရသည်။

ယခုကဲ့သို့ မေလတွင် ဘတ်ရိုက်ခွင့်ပြုမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းသည် ၎င်းတို့၏ အတွေ့အကြုံများ အရ ခန့်မှန်း ပြောဆိုနေကြခြင်းသာဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သည့် အစ်ဆာရာမြန်မာမှ CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပုံမှန်ရာသီချိန်မရှိဘူး အစိုးရဌာနကလေ။ အခြေအနေပေါ် မူတည်ပြီး‌တော့မှ ဘတ်ရိုက်ဖို့အတွက် ဖွင့်ပေး တာပေါ့။ ဥပမာ ဘယ်လို အခြေအနေမှာလဲဆိုရင် တရားမဝင်တွေ များနေပြီဆိုတဲ့ အချိန်မျိုးဆိုရင် အခါအား လျော်စွာ လုပ်ဖို့အတွက် ဖွင့်ပေးတာပေါ့။ အခုဘာဖြစ်လို့ အဲဒီသတင်းက ထွက်လဲဆိုတော့ ပြီးခဲ့တဲ့ ၂၃ ရက် လောက်ကလား မသိဘူး။ MOU လုပ်သား ၄ နှစ်ပြည့်၊ ၅ နှစ်ပြည့်တွေ ဧပြီလ ၃၀ ရက်နေ့မှာ အပြီးပြန်ရမယ်။ သူတို့နိုင်ငံက ထွက်ရမယ်။ အဲဒီအခါကြတော့ မြန်မာပြည်ကို ပြန်လာဖို့ဆိုတာ အခြေအနေက မဖြစ်နိုင်လောက် ဘူးလေ။ တချို့လုပ်သားတွေကလည်း ပြန်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် အားလုံးက ခန့်မှန်းတာပေါ့ အဲဒီလိုဆို တရားမဝင် လုပ်သားတွေ များလာမယ်။ အဲဒီလိုဆိုရင် သူတို့အစိုးရက ဘတ်ကို ဖွင့်ကိုဖွင့်မှာပဲဆိုတဲ့ အတွေးမျိုးနဲ့ ပေါ့နော်။ အဲဒါက အတိအကျ ရက်မရှိဘူး။ လောလောဆယ် ၅ လပိုင်း ဖွင့်မယ်ဆိုတာကလည်း မဟုတ်နေဘူး” ဟု ပြောသည်။

ဘတ်ပန်းရောင်ကဒ်ကို တွေ့ရစဉ်

ထိုင်းအစိုးရဘက်မှ တစ်စုံတစ်ရာ မထုတ်ပြန်သေးသရွေ့ ထိုကိစ္စအား အတည်ဟု သတ်မှတ်၍မရကြောင်း၊ အကယ်၍ ဘတ်ရိုက်ပေးခဲ့မည်ဆိုပါက အထောက်အထား တစ်စုံတစ်ရာ မရှိသေးသူများအတွက် အခွင့်အရေးများ ရရှိနိုင်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “CI လုပ်တာပဲဖြစ်ဖြစ်၊ ပန်းရောင်ကဒ် လုပ်တာပဲဖြစ်ဖြစ် အလွယ်တကူ မယုံနဲ့ပေါ့နော်။ ပွဲစားတွေကို သတိ ထားဖို့၊ ပိုက်ဆံတွေကို အလွယ်တကူ ပေးတာမျိုးတို့ ဒါတွေကို မလုပ်ဆောင်ဖို့တော့ အရေးကြီးတယ်။ နားလည် သိတတ်တဲ့ ပုဂ္ဂိုလ်တွေကို သေချာမေး။ ဖြစ်နိုင်ရင် အလုပ်သမားအရေး လုပ်နေတဲ့ အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းပဲဖြစ်ဖြစ် အဲဒီကပုဂ္ဂိုလ်တွေကို သေချာမေး။ မေးပြီးခါမှ ပိုက်ဆံပေးတာမျိုးတို့၊ လုပ်ဆောင် တာမျိုးတို့ လုပ်ဖို့အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆို တစ်ချိန်တုန်းက ဗမာပြည်က လူတွေဆီက မြန်မာငွေ သိန်း ၂၀၊ သိန်း ၃၀ တောင်းပြီးမှ ဘန်ကောက်ကို သွားလို့ရတယ်။ လက်မှတ်လုပ်လို့ ရတယ်ဆိုပြီး လိမ်သွားတဲ့အုပ်စုတွေ များစွာရှိတဲ့အခါကြတော့ ဗမာပြည်မှာ ရှိကြတဲ့လူတွေအနေနဲ့ ဒါတွေကို သတိထားဖို့ အရေးကြီးတယ်” ဟု ပြော သည်။

ပြီးခဲ့သည့် နှစ်က ဘတ်ပန်းရောင်ကဒ်အား ဝန်ဆောင်မှု ပေးသူများနှင့်လုပ်ကြရာတွင် အစောပိုင်း၌ ကုန်ကျစရိတ် သည် ၁၀ သိန်းဝန်းကျင်ခန့်သာ ရှိခဲ့သော်လည်း နောက်ပိုင်း၌ သိန်း ၂၀ ဝန်းကျင်ခန့်အထိ ပေးရကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။