CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် စက်သုံးဆီနှင့် အခြေခံ စားသောက်ကုန် ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး ဈေးနှုန်းများလည်း အဆမတန် ကြီးမြင့်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

မြစ်ကြီးနား - ပူတာအို လမ်းပိုင်းတွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ထိုလမ်းပိုင်းကို ပိတ်ထားရသည်မှာ ၂ လခန့် ရှိနေပြီဖြစ်သည့်အတွက် ပူတာအိုဒေသသို့  ကုန်စည်များ ဝင်ရောက်လာခြင်း မရှိတော့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ပူတာအိုဒေသ၌ ဓာတ်ဆီ ၁ ဂါလံလျှင် ငွေကျပ် ၁ သိန်းခန့်နှင့် ဒီဇယ် ၁ ပေပါလျှင် ၂၂ သိန်းအထိ ဈေးနှုန်းဖြစ်ပေါ်နေပြီး ဒေသစား ဆန်တစ်အိတ်လျှင် ၂ သိန်းခွဲကျပ် ဖြစ်ပေါ်နေကြောင်း၊ ထို့နောက် ကုန်စိမ်းသီးနှံ များ၊ မီးဖိုချောင်သုံး ကုန်ခြောက်သီးနှံများနှင့် ခေါက်ဆွဲခြောက်များမှာ ဝယ်ယူ၍ပင် မရတော့ကြောင်း သိရသည်။

ဒီဇယ်ဆီဈေးနှုန်းကြီးမြင့်မှုနှင့် ဝယ်ယူရ အခက်အခဲကြောင့် လယ်ယာစိုက်ပျိုးရေးအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်လာနေသည်ဟု ပူတာအိုဒေသခံ ဦးဘရန်ရှောင်က CNI သတင်းဌာနသို့ ပြောသည်။

ဆီထည့်နေစဉ်

၎င်းက “တချို့နေရာတွေက ရတယ်ထင်တယ်။ ဒါပေမယ့် ဈေးတအားကြီးတယ်။ မနေ့ကတော့ ၁ ဂါလံ ၁ သိန်း နား ကပ်တယ်ထင်တယ်။ ဓာတ်ဆီကတော့ သွားဖို့လာဖို့ ဆိုင်ကယ်တွေ အဓိကသုံးတယ်။ အဲဒါတွေ မရှိတော့ရင် တော့ အရင်လို ခြေကျင်နဲ့ပဲသွားရမှာ ဖြစ်သွားမှာပေါ့။ တော်တော်များများ မသွားကြဘူးလေ၊ တကယ်လိုအပ်မှ သွားကြတော့တယ်။ ဒီဇယ်ကတော့ တချို့တွေကတော့ မဝယ်ထားတဲ့သူတွေကတော့ လယ်ယာလုပ်ငန်းတွေ အတွက်တော့ တော်တော်အဆင်မပြေတော့ဘူးထင်တယ် စက်တွေဘာတွေနဲ့ လုပ်ကြတယ်လေ အခုနောက်ပိုင်း။ တချို့ကတော့ ဒီဇယ်ရတယ်ပြောတယ်။ တချို့ကတော့ ရလား မရလားတော့ မသိဘူး။ ဒါပေမယ့် ဈေးတအားကြီး တယ်ထင်တယ်။ တချို့ကတော့ ၄/၅/၁၀ ယောက်လောက် စုပြီးမှ ဝယ်တာ။ ဟိုးတလောက ကြာတော့ကြာပြီ ၂ ပတ်လောက်ရှိပြီ အဲဒီတုန်းကတော့ ၁၈ သိန်းကနေ ၂၂ သိန်း အဲဒီလောက်ထိ ရောက်သွားတယ်။ အခု ဘယ်လောက် ရောက်သွားပြီလဲမသိဘူး” ဟု ပြောသည်။

လက်ရှိအချိန်သည် ဒေသခံပြည်သူများ တနိုင်တပိုင် လယ်ယာ၊ တောင်ယာ၊ စိုက်ခင်းများ ပြန်လည် လုပ်ကိုင်ကြ သည့် အချိန်ဖြစ်သည့်အတွက် စက်သုံးဆီ ရရှိရန်အတွက် အရေးကြီးလှသည်။

ထို့အပြင် မကြာမီကာလတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် ရောက်ရှိတော့မည် ဖြစ်သည့်အတွက် လူငယ်များ ကျောင်းနေရေးအတွက် စက်သုံးဆီသည် လိုအပ်သည်ဟု ဒေသခံများက ပြောသည်။

စက်သုံးဆီ အခက်အခဲကြောင့် ပူတာအိုဒေသအတွင်းရှိ တချို့သော လူမှုကူညီရေး အသင်းအဖွဲ့များမှာ ရပ်တည် ရန် အဆင်မပြေမှုများ ဖြစ်ပေါ်လာနေပြီး ကူညီရေးလုပ်ငန်းများလည်း ရပ်နားလာကြသည်ဟု ပူတာအိုဒေသခံ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပူတာအိုမြို့အတွင်း ဈေးရောင်းနေကြစဉ် 

၎င်းက “ဟိုတလောက လူတစ်ယောက် ဆုံးတယ်ဗျာ။ နာရေးကူညီမှုအသင်းက ၂၀ လောက်အထိပဲ ပို့လိုက်တယ်။ ကျန်တဲ့ ဒေသခံတွေနဲ့ အဲဒီကလူတွေက မပို့နိုင်ဘူး။ အဲဒီလောက်ပဲ ပို့နိုင်တယ် အဲဒီလိုမျိုးတွေတော့ ရှိတယ်။ ဒါပေမယ့် တချို့အသင်းတွေကတော့ ရှိတာပေါ့ အသင်းကြီးတွေက။ တချို့အသင်းတွေက မရှိတော့ဘူးထင်တယ်။ မြန်မြန် ပြေလည်သွားရင်တော့ ကောင်းတာပေါ့။ မပြေလည်ရင်တော့ သာမန်လူတွေက ဒုက္ခရောက်ဖို့ပဲ ရှိတာပေါ့။ ဆီတွေမရှိတော့ တချို့ အရေးကြီးကိစ္စ၊ သေရေးရှင်ရေးကိစ္စမှ သွားလို့ရတယ်။ တချို့ကိစ္စတွေက မသွားဘဲ ဒီအတိုင်းနေတာပေါ့ အိမ်မှာပဲနေတယ်။ ဖွင့်ပေးရင်တော့ အကန့်အသတ်လေးနဲ့ ဘာပဲဖြစ်ဖြစ် ဖွင့်ပေးရင်တော့ ကောင်းတာပေါ့” ဟု ပြောသည်။

ထို့နောက် လက်ရှိ စက်သုံးဆီ အခက်အခဲကြောင့် သွားလာရေး အဆင်မပြေသည့်အတွက် တချို့သော အလုပ်သမားများမှာ အခက်အခဲများ ဖြစ်ပေါ်နေပြီး လုပ်ငန်းရပ်နား ထားရမှုများလည်း ရှိလာနေသည်။

လာမည့် ရက်ပိုင်းတွင် မြစ်ကြီးနား - ပူတာအို လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ် ပေးတော့မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မသေချာသေးကြောင်း ဒေသခံများက ပြောသည်။

ပူတာအိုဒေသအတွက် ထိုလမ်းကြောင်းသည် အဓိက အရေးပါသည့် လမ်းပိုင်းဖြစ်ကြောင်း၊ ထိုလမ်းကြောင်း ပြန်လည် ဖွင့်လှစ်မှသာလျှင် ကုန်ဈေးနှုန်းများ ပြန်လည်ကျဆင်းလာမည် ဖြစ်သည်။