CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၃
နစက လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်နေပြီး ဝန်ထမ်းများကို ဖိအားပေးခြင်း၊ ရာထူးများ ထုတ်ပစ်ခြင်းများ ပြုလုပ်နေသည့် မြန်မာနို်င်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ်နှင့်ဒုတိယညွှန်ကြားရေးမှူး ချုပ် အဆင့်ရှိသူ ဝန်ထမ်း ၁၃ ဦးကို အမည်ပျက်စာရင်း(Blacklist)သွင်းလိုက်ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။
NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၏ စက်တင်ဘာ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းမဖက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ခဲ့ကြသည့် နိုင်ငံံ့ဝန်ထမ်း သူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံ ဘေး ကင်းရေးနှင့် ဖိအားကင်းစင်ရေးတို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ နစက(မူရင်း-တရားမဝင်အာဏာသိမ်းစစ်ကောင်စီ)၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်း အဖြစ်မှ ထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေသော မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဝန်ထမ်းများအား အမည်ပျက်စာရင်း(Blacklist)သွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်(Dismiss) လိုက်သည်ဟုလည်း ဆိုထားသည်။
NUG က အမည်ပျက်စာရင်းသွင်းခြင်းနှင့် ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ကြေညာခံရသူများမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ယူလျက်ရှိသည့် ဦးအောင်အောင်၊ ဒေါ်တင်မိုးမိုး၊ ဦးမျိုးမင်း၊ ဒေါ်ခိုင်ရွှေဝါ၊ ဦးရဲအောင်တို့ ပါဝင်သလို ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူလျက်ရှိသော ဦးမင်းဟန် စိုး၊ ဒေါ်တင်ညိုထွန်း၊ ဒေါ်မေခိုင်ဝင်း၊ ဦးထွန်းလင်းအောင်၊ ဦးဝင်းထိန်မင်း၊ ဦးကျော်မင်းဦး၊ ဦးကျော်ရဲနိုင်၊ ဒေါ်ကြည်မိုးမိုးအေးတို့ ဖြစ်သည်။