၂၀၂၁ခုနှစ်၊စက်တင်ဘာ ၁၄ ရက်
စီးတီးတက္ကစီနှင့်ကုန်တင်ယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၅ ရက်နေ့တွင် ပြန်လည်လုပ်ဆောင် မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) မှ သိရသည်။
YRTC တွဲဖက်အတွင်းရေးမှူး လျန်ကျင့်မန်က“လာတဲ့အပေါ်မှာ ကျနော်တို့အများဆုံး လုပ်ပေးမှာဖြစ်ပါတယ်။ ဝန်ဆောင်မှုအများဆုံးဖြစ်အောင် လုပ်ပေးမှာဖြစ်ပါတယ်။သတ်မှတ်တဲ့ စီးရေရယ်လို့ ကျနော်တို့ မလုပ်ပါဘူး။ လာတဲ့အပေါ်မှာ အတတ်နိုင်ဆုံး ကိုဗစ်-၁၉ စည်းကမ်းများနဲ့အညီ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟုဆိုသည်။
စီးတီးတက္ကစီယာဉ်များ မှတ်ပုံတင်ခြင်းလုပ်ငန်းအား အမှတ် ၂၆၊ ပင်လုံလမ်း၊ ၂၉ ရပ်ကွက် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပြောင်းလဲဆောင်ရွက်ပေးမှာဖြစ်ပြီး ကုန်တင်ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းအား လမ်းမတော်မြို့နယ်၊ကမ်းနားလမ်းနှင့်ဝါးတန်းလမ်းထိပ်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးအနီးတွင် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စီးတီးတက္ကစီနှင့် ကုန်တင်ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းအား ကိုဗစ်-ဒုတိယလှိုင်းကာလတွင် ယာယီရပ်ဆိုင်းထား ခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြန်လည်ဖွင့်လှစ်ပြီးနောက် ထပ်မံပိတ်ထားခဲ့ခြင်းလည်း ဖြစ်သည်။
ယာဉ်ပိုင်ရှင်များအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူနှင့် ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ မူရင်း လိုအပ်ကြောင်းနှင့် ယာဉ်မောင်းများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက် နေထိုင်ကြောင်း ထောက်ခံစာမူရင်း၊ ယာဉ်မောင်းလိုင်စင် မူရင်းမိတ္တူ စသည်တို့လိုအပ်ကြောင်း သိရသည်။
“မှတ်ပုံတင်ခြင်းကတော့ ၃၀၀၀ ကျပ် ကျနော်တို့ကောက်မှာဖြစ်ပါတယ်။ ပြီးတော့ ယာဉ်မောင်းကဒ်ပြား ၅၀၀၊ နောက် ကဒ်ထည့်တဲ့ stand က ၂၅၀၀၊ city နံပါတ်တပ်ဆင်တာ ၁၂၀၀ ကျပ်။ အားလုံးပေါင်း ၇၂၀၀ ကျပ်ပဲ ကုန်ကျမှာဖြစ်ပါတယ်။ ကျနော်တို့ ယခင် ဒဏ်ကြေးတွေကောက်မှာမဟုတ်ပါဘူး”ဟု လျန်ကျင့်မန်က ပြောသည်။
မှတ်ပုံတင်ခြင်းလုပ်ငန်းအား ပြန်လည်ဖွင့်လှစ်ခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စီးတီးတက္ကစီ အစီးရေ ၁၀၀၀ ဝန်းကျင်အား ဝန်ဆောင်မှုပေးခဲ့ရကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် စီးတီးတက္ကစီမှတ်ပုံတင်ထားသည့်အရေအတွက်မှာ ၆၅၀၀၀ ကျော်ရှိပြီး အခြား တိုင်းဒေသကြီးတို့တွင် အငှားယာဉ် နယ်လိုင်စင်စီးရေမှာ ၂၀၀၀၀ ကျော်နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်စုစုပေါင်း ၅၀၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။